ရန်ကုန်မြို့ကြီး မြေအောက်ကျွံကျနေသလား

Yangon (Google Map)

မြေအောက်ရေ အလွန်အကျွံထုတ်ယူ သုံးစွဲနေတဲ့အတွက် မြေအောက်ကို ကျွံကျတဲ့ မြို့တွေထဲမှာ ရန်ကုန်မြို့ကြီး ပါနေပါသလား။ အိမ်နီးချင်း ဘန်ကောက်မြို့ကြီးရဲ့ မြေအောက်ကျွံကျတဲ့ အခြေနေနဲ့ ဘယ်လိုကွာပါသလဲ။

Your browser doesn’t support HTML5

ရန်ကုန်မြို့ကြီး မြေအောက်ကျွံကျနေသလား



မြေအောက်ရေ အလွန်အကျွံထုတ်ယူ သုံးစွဲနေတဲ့အတွက် မြေအောက်ကို ကျွံကျတဲ့ မြို့တွေထဲမှာ ရန်ကုန်မြို့ကြီး ပါနေပါသလား။ အိမ်နီးချင်း ဘန်ကောက်မြို့ကြီးရဲ့ မြေအောက်ကျွံကျတဲ့ အခြေနေနဲ့ ဘယ်လိုကွာပါသလဲ။ မြန်မာနိုင်ငံ ရေအရင်းအမြစ်ကော်မတီ NWRC ရဲ့ မြေအောက်ရေဆိုင်ရာ အကြံပေး ဇလဘူမိဗေဒပညာရှင် ဦးမြင့်သိန်းက ပြောပြပေးမှာပါ။

ဦးမြင့်သိန်း။ ။“ဘန်ကောက်က လူတွေ အပြောနေသလို sinking ဖြစ်တယ်။ ဒီဘန်ကောက် မြေအောက်ကျွံကျတာ အခု သူတို့ control လုပ်နိုင်တယ်။ ထိမ်းထားနိုင်တယ်။ တနှစ် တနှစ်မှာမှ ဘယ်လောက် ရှိမလဲ တော်တော်လေးကျဲသွားပြီ။ ၁ စင်တီမီတာ အောက်။ ၁ စင်တီမီတာ - ၂ စင်တီမီတာအောက် နဲသွားပြီ။ ဟိုးအရင်တုန်းကဆိုရင် ၂၀ စင်တီမီတာ၊ ၁၉ စင်တီမီတာဝန်းကျင် ၁၈ ဝန်းကျင် ၁၉ လောက်အထိ၊ အဲဒီနောက်ပိုင်းမှာ သူတို့ မြေအောက်ရေကို တူးရင် groundwater resources ဆိုပြီးတော့ department ဌာန တခု ရှိတယ်၊ ဥပဒေကို အပီအပြင် လုပ်တယ်၊ ဘန်ကောက်မှာ။ ကျနော်တို့ ရန်ကုန်မှာ အဲဒီလို မလုပ်နိုင်ဘူး။ အဲဒါတွေက ကွာခြားတာပေါ့။”

မေး။ ။“ရန်ကုန်မှာရော အဲဒီလိုမျိုး sink ဖြစ်နေ - ကျွံကျနေလားဆရာ။”

ဦးမြင့်သိန်း။ ။“အဲ ရန်ကုန်က sinking ဖြစ်တယ်ဆိုတာ၊ ကျနော့အမြင် ပြောရရင်တော့ technically ရန်ကုန်ရဲ့ ဘူမိဗေဒလဲ ဒေါ်ခင်မျိုးသက် သိတာပဲ၊ ဘန်ကောက် ဘူမိဗေဒလဲ သိတာပဲ။ ကျနော့်အမြင်ပြောရရင် ရန်ကုန်ဧရိယာကြီးတခုလုံး sinking မဖြစ်နိုင်ဘူး။ ဘယ်လို နေရာမျိုးတွေမှာ ဖြစ်နိုင်သလဲ။ ကျနော်တို့ downtown ရန်ကုန်မှာ high-rise structure အထပ်မြင့်အဆောက်အဦးတွေက ဖေါင်ဒေးရှင်း မကောင်းတဲ့ နေရာဆို ဖြစ်မယ်။ ဥပမာ ကြည့်မြင်တိုင်အနောက်ဖက် ကမ်းတွေမှာ၊ ကြည့်မြင်တိုင်အောက်လမ်းမကြီးရဲ့ အနောက်ဖက်ခြမ်း၊ ကြည့်မြင်တိုင်အောက်လမ်းမကြီးရဲ့ ဘူတာရုံနားတဝိုက်၊ အဲဒီနေရာတွေမှာ ဟိုးအရင်တုန်းက ကန်ထရိုက် တိုက်တွေ ဆောက်တာ ရှိတယ်။ ဖေါင်းဒေးရှင်း မပါဘူး။ အဲဒီလို အဆောက်အဦးတွေက တချို့နေရာတွေမှာ sinking ဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ load structure ကြောင့်၊ load နဲ့ ဖေါင်ဒေးရှင်းနဲ့ မမျှဘူး။ မထိန်းနိုင်ဘူး။ မထိန်းနိုင်တဲ့အပြင် နောက်တခါ ရန်ကုန်မြို့မှာ အဆိုးဆုံးက ဒီကန်ထရိုက်တိုက်တွေက လှေကား ခြေရင်းမှာ ရေတွင်းတွေ တူးတာ။ လှေကားအောက်မှာ ရေတွင်းတူးတာ။ တချို့ဆိုရင် ကွန်ဒိုမီနီယံကြီးတွေက အောက်ထပ် ground floor မှာ သူက ကားပါကင် ထားတယ်။ အဲဒီ ကားပါကင်ထဲမှာ ရေတွင်းတူးထားတယ်။ အဲပြီးရင် အဲဒီ ကွန်ဒိုတခုလုံးကို သူရေပေးတယ်။”

မေး။ ။“အဲဒါက မလုပ်သင့်ဘူးနော်။”

ဦးမြင့်သိန်း။ ။“အင်းမလုပ်သင့်ဘူး။ ကောင်းတဲ့အလားအလာ မဟုတ်ဖူး။ sinking ဖြစ်ဖို့အတွက် potential ဖြစ်နိုင်ချေတွေပေါ့။ sinking မဖြစ်ရင် ဘာဖြစ်မလဲ၊ ဆိုတော့ သူက အဆောက်အဦး structure မကောင်းရင် crack အက်ွဲကြောင်းတွေ ဖြစ်မယ်။ အဆောက်အဦးတွေရဲ့ ဒေါင့်တွေ၊ နံရံနဲ့ ဆက်တဲ့နေရာတွေ ဒေါင့်တွေမှာ အဆက်တွေမှာ အက်ကြောင်းတွေ ဖြစ်မယ်။ အဲလိုမျိုးတွေ ဖြစ်လာမယ်။ ရေထုတ်တာလဲ ထုတ်တယ်ဗျ။ ဘာလို့ဆိုတော့ အခု ရန်ကုန်မြို့က ရေထုတ်တဲ့ လူတွေက ကန်ထရိုက်တွေ၊ မြေရှိတဲ့ လူတွေက တနာရီ ရေဂါလံ တထောင်ထုတ်လို့ရရင် တထောင် ထုတ်တာပဲ။ အပေါ်က တိုင်ကီ၊ အောက်တိုင်ကီ ပြည့်တော့မှ ရပ်တာပဲ။ အဲဒီလို မျိုးတွေ။”

ဒီလို စည်းကမ်းမထားပဲ မြေအောက်ရေထုတ်ယူတာ ခံနေရတဲ့ ရန်ကုန်မြို့ဟာ သဲ၊ ရွှံ့နဲ့ ကျောက်စရစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Alluvial deposit အနည်ကျကျောက်၊ သိပ်သည်းမှု သိပ်မရှိသေးတဲ့ Valley Filled deposit အနည်ကျကျောက်၊ ပင်လယ်တွင်းအနည်ကျတာမျိုးမဟုတ်တဲ့ Irrawaddy Formation ကျောက်စဉ်စု ပါ ကျောက်တွေအပြင် အထက်ပိုင်း ပဲခူး အုပ်စုဝင် Upper Pegu Group ကျောက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ တချို့နေရာတွေမှာတော့ Peaty clay လို့ခေါ်တဲ့ သစ်ဆွေးမြေပါ ရွှံ့မြေမျိုးကို တွေ့နိုင်ပါတယ်။

ဦးမြင့်သိန်း။ ။“ရန်ကုန်မြို့မှာ ဆိုရင် ကျနော်တို့ Peaty clay တွေ ရှိတဲ့နေရာတွေပဲ နဲနဲ ကြောက်ရတယ်။ အာဇာနည်ကုန်း သဲကျောက်မျိုးဆို ကျောက်စရာမလိုဘူး။ Valley Filled လည်း ကြောက်စရာမလိုဘူး။ ရန်ကုန်မြို့မှာ မြေအောက်ရေသိုလှောင်တဲ့ aquifer ၃ မျိုး ရှိတာကိုး Valley Filled ရယ်၊ Alluvial ရယ်၊ Irrawaddy ရယ်။ Irrawaddy Formation လည်း ကြောက်စရာ မလိုဘူး။ စောစောက ကျနော်ပြောသလို Peaty နဲ့ Clay ရွှံ့မြေတွေရှိတဲ့နေရာ၊ loose sand တွယ်ဆက်မှုနဲတဲ့ သဲကျောက်မျိုး ရှိတဲ့နေရာ downtown က မန်းကီးပွိုင့် ကနေပြီးတော့ ကျနော်တို့ ကြည့်မြင်တိုင်၊ အလုံ၊ ဟိုဘာလဲ သမိုင်း၊ ကမာရွတ်၊ လှည်းတန်း၊ အောက်ဖက်ခြမ်းပေါ့။ အခုဆိုရင်တော့ ဘုရင့်နောင် လမ်းမကြီးရဲ့ အနောက်ဖက် ခြမ်းတွေပေါ့။ အဲဒီနေရာတွေ သတိထားရမှာပေါ့။”

မေး။ ။“ဆရာ အဲဒီတော့ ရန်ကုန်မြို့က ကျောက်လွှာစဉ်စုတွေက စိတ်ချရတယ် ပေါ့နော်။”

ဦးမြင့်သိန်း။ ။“စိတ်ချရတယ်။ ဘန်ကောက်နဲ့စာရင် စိတ်ချရတယ်။ ဘန်ကောက်က marine original ပင်လယ်မှာ အနည်ကျတဲ့ ကျောက်မျိုး။ ကျနော်တို့ ရန်ကုန် အော်ရီဂျင်က မရိန်းအောင်ရီဂျင်မှ မဟုတ်တာ။ ဒီ ကမ်းရိုးတန်း seashore နေရာတွေသာ continental နဲနဲလေးရှိတယ်။ အဲဒါကို ကျနော့်ရဲ့ မိတ်ဆွေ၊ သူက geotechnical ကန်ထရိုက် လုပ်တော့ basement အဆောက်အဦးအခြေတွေ တူးတော့ ကျနော်က မေးကြည့်တာ။ မင်း peaty clay တွေ့လား။ soft clay လား၊ peaty clay လား။ အဲဒီရွှံ့မြေ clay က မတူဘူး။ သူက ဆရာ peaty clay က တချို့နေရာတွေမှာ တွေ့တယ်။ ဒါပေမယ့် soft clay တွေများတယ်။ ရန်ကုန်အောက် အနိမ့်ပိုင်း အရပ်တွေထဲမှာ။ peaty clay က မရှိဘူးမဟုတ်ဖူး ရှိတယ်။ ဘယ်လိုနေရာတွေလည်း ဆိုတော့ ကျနော်တို့ အလုံတို့ ကြည့်မြင်တိုင်တို့၊ ရန်ကုန်မြစ်က band ဖြစ် ကွေ့သွားတဲ့ နေရာတွေ။ အဲဒီနေရာတွေမှာ ရှိတာ”

မေး။ ။“ရန်ကုန်မြစ်ကွေ့တွေ ပေါ့နော်။”

ဦးမြင့်သိန်း။ ။“ဟုတ်တယ်။ မြစ်ကွေ့တွေ အဲဒီလိုနေရာတွေမှာ ရှိတယ်။ အဲဒါကလည်း တကြောကြီး ရှိတာ မဟုတ်ဖူး။ သူ့အနည်ကျတဲ့ အချိန်တုန်းက land deposition ဖြစ်လိုက် sea deposition ဖြစ်လိုက်၊ marine deposition ဖြစ်လိုက်၊ အဲဒီလို ဖြစ်တဲ့အချိန်တုန်းက ကျန်ခဲ့တဲ့ဟာတွေပေါ့။”

မေး။ ။“အဲဒီတော့ peaty clay က သိပ်မရှိဘူးပေါ့။ နဲနဲပဲ ရှိတယ်ပေါ့”

ဦးမြင့်သိန်း။ ။“peaty clay ကနဲနဲရှိတယ်။ သူက ဘယ်လိုနေရာတွေလည်း ဆိုတော့ ကျနော်တို့ ဗိုလ်တထောင်ဘက်မှာ တွေ့ဘူးတယ်။ အဲဒီမှာ အပင်တွေဘာတွေ၊ ကမ်းရိုးတန်းမှာ ပြိုပျက်ပြီးတော့ လေတိုက်ဘာညာနဲ့ လဲပြီးတော့ နုံးထဲမှာ မြုပ်နေမယ်၊ ကြာလာတော့ အဲဒီကောင်က ရေတက်၊ ရေကျနဲ့ ဖုံးလိုက် ပေါ်လိုက်ပေါ့။ နှစ်ရာချီ ကြာလာတော့၊ သူက ဆွေးမြေ့သွားတာပေါ့။ သူက ရေနဲ့ နှုန်းနဲ့ရောပြီးတော့ သူက peaty clay ဖြစ်လာတယ်။ ခုနကပြောတဲ့ marine clay နဲ့ peaty clay မှာ စောစောက sinking ဖြစ်တာတွေက marine clay လိုနေရာတွေမှာ များတယ်။ စင်္ကာပူမှာ sinking ဖြစ်တယ် ဆိုတာက marine clay ကြောင့်။ စင်္ကာပူ မာရီနာဘေး ဧရိယာ တလျှောက်မှာ marine clay ရှိတယ်။ ဒီ ချန်ဂီးလေဆိပ်နေရာတွေမှာလည်း marine clay တွေ။ အဲဒါတွေကို သူတို့က ဘာလုပ်သလဲ၊ ဖေါင်ဒေးရှင်း ကောင်းကောင်းလုပ်တယ်။ ပိုင်တွေရိုက်တယ်။ သဲတွေ ဖို့တယ်။ အဲဒီ marine clay နေရာတွေမှာ ဖို့တာ။ ပြီးမှ မြေအောက်ရေအတွက် သူက ကျနော်တို့ အရပ်အပြောဆို outlet ထွက်ပေါက် ပေးထားတာပေါ့။ မိုးရေကနေ စီးပြီးသူက ပင်လယ်ထဲကို ပြန်ထွက်သွားအောင် လုပ်ပေးထားတယ်။ layer by layer အလွှာလိုက်အလွှာလိုက် ရေစစ်တဲ့ filtration ဖြစ်အောင်လုပ်ပေးထားတယ်။ ကန့်သတ်ထားတဲ့ confine မဟုတ်ဖူး။ လွတ်လွတ်လပ်လပ် စီးနိုင်အောင် unconfined လုပ်ပေးထားတယ်။ အဲဒီတော့ ရေက အမြဲ ရှင်သန်နေတယ်။ ပိတ်မနေဘူး။ စီးဝင်နေတာပေါ့။ ရေရှိအုံးတော့ ဖေါင်ဒေးရှင်းကလည်း ကောင်းတယ် ဆိုတော့ ဆောက်ပြီးသွားပေမယ့် sinking မဖြစ်ဘူး။ ဒီလောက် ကြာလှပြီး ဘယ်နေရာမှာ အခင်းတွေ အက်သွားတယ်ဆိုတာမျိုး ဘာမှ မကြားရဘူး။”

မေး။ ။“ရန်ကုန်က မြေအောက်ထဲကို ကျွံကျဖို့ လမ်းသိပ်မရှိဘူး ပေါ့နော်။ ”

ဦးမြင့်သိန်း။ ။“နဲပါတယ်။ ဘန်ကောက်နဲ့စာရင် နဲပါတယ်။ ကျနော်ပြောရဲတယ်။ ဟိုးအရင်က ပညာရပ်ဆိုင်ရာတွေ၊ အခုပေါ်တဲ့ ဆောင်းပါးတွေမှာ ရန်ကုန်မြို့ကြီး ကျွံကျမှာကြောက်ရတယ် ဆိုရေးတယ်။ အဲဒါမျိုး ဖြစ်ရလောက်အောင် မရှိပါဘူး။ ဟိုတလောက ရန်ကုန်မှာ ဂလိုင်ပေါက်ကြီးနဲ့ မြေကျွံသွားတယ်။ sinkhole ဖြစ်တယ် ဆိုတာက အဲဒီနေရာတွေက ပြန်ကြည့်လိုက်ရင် အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တဲ့ အဆောက်အဦး၊ ဖေါင်ဒေးရှင်း မရှိဘူး။ စင်္ကာပူလိုပဲ။ နောက်တခါ အဲဒီအောက်တွေမှာ ရေနူတ်မြောင်းကြီးတွေ ရှိတယ်။ ဒီဘက် စစ်အစိုးရလက်ထက်ရောက်တော့ကာ ဒီမြောင်းတွေကို လွယ်လွယ်ပဲ ဖို့၊ ပြီးတော့ တချို့ဆို ဒီနား မြောင်းရှိမှန်းတောင် မသိတော့ဘူး။ အဲဒီအောက် ရေတွေက ဝင်ပြီးတော့ ဂလိုင်ဖြစ်ပြီး အပေါ်မှာ ခင်းထားတဲ့ ကတ္တရာတို့ ကွန်ကရစ်တို့က ကျွံကျပြီး ဂလိုင်ပေါက် ဖြစ်သွားတယ်။ အဲဒီလိုမျိုး ဖြစ်တာ များတာပါ။ ပြီးတော့ နောက်တခါ downtown မှာ အထူးသဖြင့် ရေတွင်းတူးတာတွေကို နဲနဲလေး၊ တော်တော်လေး ထိန်းချုပ်နိုင်ပြီ။ အခုတော့ ၆ မြို့နယ်ကိုတော့ ရေတွင်းတူးခွင့် ပိတ်လိုက်ပြီလို့ ကြားတယ်။ ကျနော်ရှိတုန်းက။ အလုံတို့၊ ကြည့်မြင်တိုင်တို့၊ ကျနော်တို့ ဗိုလ်တထောင်တို့၊ လသာတို့၊ အဲဒီဘက်တွေဘာတွေ။ ဘာလို့လည်း ဆိုတော့ အဲဒီဘက်တွေက ရေငံဝင်တယ် ဆိုတာကို သိနေကြပြီ။”

ဇလဘူမိဗေဒ ပညာရှင် ဦးမြင့်သိန်းပါ။