စစ်ကောင်စီရဲ့ Youtube အစားထိုး Mtube

စစ်ကောင်စီဖော်ဆောင်နေတဲ့ Mtube website

စစ်ကောင်စီဖော်ဆောင်နေတဲ့ Mtube website

Youtube လို အစားထိုးသုံးနိုင်မယ့် Mtube Live Streaming Platform ကို စတင် စမ်းသပ် အသုံးပြုနေတာ တနှစ်နီးပါး ရှိလာနေပြီး ပိုမို တိုးတက်ကောင်းမွန်အောင် ပြင်ဆင် လုပ်ဆောင်နေတယ်လို့လည်း မြန်မာစစ်ကောင်စီ ပြန်ကြားရေးက မနေ့က Viber ကတဆင့် ထုတ်ပြန် ဖြေကြားထားပါတယ်။ မြန်မာနိုင်ငံမှာ Mtube ကို ဘယ်လောက် တွင်တွင်ကျယ်ကျယ် သုံးကြ သိကြပါလဲ။ အင်တာနက် ဝက်ဆိုက်တွေနဲ့ လူမှုကွန်ရက်တွေ အသုံးများတဲ့ လူငယ်တွေကြားမှာရော Mtube နဲ့ပတ်သက်လို့ ဘယ်လို ယူဆ ပြောဆိုနေကြတာ ရှိပါလဲ။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ သတင်းတွေကို YouTube ဆိုရှယ်မီဒီယာက ကန့်သတ်တာ၊ ဖြုတ်ချတာတွေ ဆက်တိုက် လုပ်ခဲ့ပြီးတဲ့နောက် Youtube လို အသုံးပြုနိုင်မယ့် ကိုယ်ပိုင် ပလက်ဖောင်းတခု တီထွင် အသုံးပြုမယ့်အကြောင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီဘက်က ထုတ်ပြန် ကြေညာခဲ့တာပါ။ အဲ့ဒီနောက် Mtube Live Streaming Platform ကို စတင် ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး စမ်းသပ် အသုံးပြုလာခဲ့တာ တနှစ်နီးပါး ရှိလာပြီ ဖြစ်သလို channel အကောင့် ၂၅ ခုဖွင့်ပြီး ထုတ်လွှင့်နေတဲ့အကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ဒီကနေ့ Viber ကတဆင့် ထပ်မံ ပြောဆိုလိုက်တာပါ။ ဒီ ပလက်ဖောင်းကို ပိုမို ကောင်းမွန်အောင် လိုအပ်တဲ့ အခြေခံ တည်ဆောက်မှုတွေ လုပ်နေတယ်လို့ လည်း ပြောပါတယ်။

ရန်ကုန်မြို့က Social Influencer တဦးလည်းဖြစ်၊ နည်းပညာ ကျွမ်းကျင်သူတယောက်လည်းဖြစ်တဲ့ လူငယ် အမျိုးသမီးတဦးကတော့ အောင်မြင်တဲ့ မီဒီယာနည်းလမ်းတခု ဖြစ်လာလိမ့်မယ်လို့ မထင်တဲ့အကြောင်း ပြောပါတယ်။

"သူတို့လုပ်မယ်ဆိုတာ ပြောထားတာကြာပြီ။ ခု ပေါ်လာတာ။ ဒါပေမဲ့ လူသိနည်းတယ်။ ဝဒ်ဆိုက် တခုသတင်း ချယ်နယ်တခု လုပ်တာ စေတနာပါရတယ်။ လမ်းမှန်ရတယ်။ ခုက သူတို့ ဝါဒဖြန့်ဖို့ အတွက် လုပ်တာဆိုတော့ ပြည်တွင်းမှာ အောင်မြင်ဖို့ မပြောနဲ့ လူကြည့်ဖို့တောင် ခက်ခဲမယ်။ နောက်သူတို့လုပ်ထားတဲ့ဝက်ဒ်ဆိုဒ်ကလည်း ဝင်ကြည့်ဖို့တောင် ခက်တယ်။ ဖတ်ချင်အောင်ဆွဲဆောင်နိုင်တာမျိုးလဲ မရှိဘူး။"

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို ကန့်သတ်လာတဲ့ YouTube ဟာ နည်းပညာအားကိုးပြီး အနိုင်ကျင့် ဖြုတ်ချတာ ဖြစ်သလို ဒီလို ဖြုတ်ချတာတွေက ပြည်သူတွေ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်တာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားတာပါ။ ဒီအတွက်လည်း စစ်ကောင်စီရဲ့ လှုပ်ရှားဆောင်ရွက်မှု သတင်းတွေနဲ့ ဖျော်ဖြေရေး ဗီဒီယိုတွေကို Mtube ကနေ ထုတ်လွှင့်ပေးနေတယ်လို့လည်း ပြောဆိုပါတယ်။ ဒါပေမဲ့ အများပြည်သူတွေကြားမှာတော့ စစ်ကောင်စီရဲ့ Mtube ကို အများစုက မသိကြသလို၊ ယုံယုံကြည်ကြည် စောင့်ကြည့် အသုံးပြုတာမျိုး မရှိဘူးလို့ လူမှုကွန်ရက် အသုံးပြုတဲ့ ရန်ကုန်မြို့က လူငယ်တဦးက ပြောပါတယ်။ စစ်ကောင်စီက ဖန်တီးထားတဲ့ ပလက်ဖောင်းဖြစ်လို့ မကြည့်ချင်ကြဘူးလို့ သူက ပြောပါတယ်။

"Mtube ဆိုတာ ဘာကြီးလဲ။ အဲဒါမျိုးကို မသိဘူး။ လုပ်လာရင်လဲ သူတို့ဝက်ဆိုဒ်ထဲ ဝင်ရင် သူတို့က ကိုယ်တွေကို မှတ်ပြီး ပြန်စောင့်ကြည့်နေမလား ဆိုတာ စိတ်ပူတယ်။ မကြည့်ချင်ဘူး။ ကျနော်တို့ အဲလိုဆိုတော့ မကြည့်ချင်ဘူး။"

Mtube ကို United Info-Sec ကုမ္ပဏီက နည်းပညာပိုင်း ဦးဆောင်ပံ့ပိုးမှုနဲ့ အရပ်သား ပညာရှင်တွေနဲ့ ရေးဆွဲထားပြီး Youtube နေရာမှာ အစားထိုးသွားမယ်လို့ စစ်ကောင်စီကတော့ ပြောနေတာပါ။ အလားတူ မြန်မာပြည်တွင်း လူသုံးအများဆုံး လူမှုကွန်ရက် တခုဖြစ်တဲ့ Facebook နေရာမှာလည်း ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာတခုနဲ့ အစားထိုးဖို့ လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့နှစ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး MRTV Application တခုကိုလည်း ရေးဆွဲခဲ့သလို၊ ပြီးခဲ့တဲ့နှစ် မေလထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဒီ application စတင်တဲ့ အခမ်းအနားကို တက်ရောက် ဖွင့်လှစ်ခဲ့ပေမယ့် လွှင့်တင်ပြီး မကြာမီမှာပဲ ပြန်လည် ဖြုတ်ချခံခဲ့ရပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီရဲ့ Youtube အစားထိုး Mtube