မူဘာရက်ခ်အမှု စက်တင်ဘာလအထိ ရွှေ့ဆိုင်း

မူဘာရက်ခ်အမှု စက်တင်ဘာလအထိ ရွှေ့ဆိုင်း

ဒီကနေ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်က တရားရုံး တရုံးမှာ သမ္မတဟောင်း ဟော့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို ပြီးခဲ့တဲ့ လူထုဆန္ဒပြပွဲတွေ အတွင်း ပစ်ခတ်နှိမ်နင်းဖို့ အမိန့်ပေးခဲ့မှုနဲ့ ဒုတိယအကြိမ် စစ်ဆေးခဲ့ပြီး တရားသူကြီးက လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကို ထပ်ပြီး ရုံးချိန်းလိုက်ပါတယ်။

ဒါ့အပြင် တရားခွင်မှာ စစ်ဆေး စီရင်နေတာကို တိုက်ရိုက် ရုပ်မြင်သံကြား ထုတ်လွှင့် ပြသမှုကိုလည်း လာမယ့် တရားခွင်တွေကစပြီး ခွင့်မပြုတော့ဘူးလို့ တရားသူကြီးက အမိန့်ထုတ်ခဲ့ပါတယ်။

ပစ်ခတ်နှိမ်နင်းဖို့ အမိန့်တွေ ထွက်ပေါ်လာခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးဟောင်း ဟာဘစ်ဘ် အယ်လ် အတ်ဒ်လီ (Habib al Adly) ရဲ့ အမှုနဲ့ သမ္မတဟောင်း မူဘာရက်ခ်ရဲ့ အမှုကို တပေါင်းတည်း စစ်ဆေး စီရင်ဖို့ကိုလည်း တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

ဝန်ကြီးဟောင်း အယ်လ် အတ်ဒ်လီနဲ့ လက်ထောက်အရာရှိ ၆ ဦးတို့ဟာ ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

မစ္စတာ မူဘာရက်ခ်ဟာ လူပေါင်း ၈၆၀ ကို သေဆုံးစေခဲ့တဲ့ ဖေဖော်ဝါရီလ လူထု အုံကြွမှုတွေအတွင်း ပစ်ခတ် နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ပထမအကြိမ် တရားခွင်မှာ ရုံးထုတ် စစ်ဆေးခံရပါတယ်။ ဒီနေ့မှာ ဒုတိယအကြိမ် သား ၂ ဦးနဲ့အတူ တရားခွင်မှာ စစ်ဆေးခံခဲ့ရတာပါ။ နှစ်ကြိမ်စလုံးမှာ သူဟာ ဆေးရုံ လူနာကုတင်နဲ့ တရားခွင်ကို ရောက်ရှိလာခဲ့ပါတယ်။