ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့ အရေးကြီး

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြီးအကဲ Muhammad Yunus မိန့်ခွန်းပြောဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုအကူအညီတွေ ဆက်လက် လိုအပ်နေတဲ့ တချိန်တည်းမှာ ဒီဒုက္ခသည်တွေကြုံရတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရေးကလည်း အလားတူ အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြီးအကဲ Muhammad Yunus က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံကနေ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဆက်လက်ကူညီပေးသွားမယ်လို့ ပြောသွားတာပါ။ သူတို့အတွက် စာနာကူညီပေးရေး လုပ်ငန်းတွေနဲ့ ရေရှည်ခိုင်မာတဲ့ နေရပ်ပြန်ပို့ရေး အစီအစဥ်တွေအတွက် နိုင်ငံတကာ အနေနဲ့ ဆက်လက် ကူညီပံ့ပိုးပေးဖို့ လိုအပ်ကြောင်းနဲ့ ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ICJ နဲ့ ICC လို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးတွေကနေ တရားစီရင်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားဖို့ကလည်း တန်းတူအရေးကြီးကြောင်း" ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲ Muhammad Yunus က ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်လုံး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်း ပြောနေကြတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့သောကြာနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ့အကြီးအကဲ တယောက်အနေနဲ့ Yunus ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားချိန်မှာ အခုလို ရိုဟင်ဂျာ ဒုက္ခသည်အရေး အလေးပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်တဲ့ Yunus ဟာ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ကျောင်းသားလူငယ်တွေရဲ့ လူထုလှုပ်ရှားမှုတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရရဲ့ အကြံပေး အရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ လှုပ်ရှားမှုတွေက လူထုတရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုကြီးတွေ ဖြစ်စေခဲ့တာကို ထောက်ပြပြီး အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ လူထုစွမ်းအားက အထူး အရေးပါတဲ့ကြောင်းကို ထောက်ပြပြောကြားသွားခဲ့ပါတယ်။