အထွေထွေအကျပ်အတည်းတွေကြားက မြန်မာ

ရန်ကုန် လှိုင်သာယာအထည်ချုပ်လုပ်ငန်းခွင်၊ မတ် ၁၀၊ ၂၀၁၀

အမေရိကန်ဘဏ္ဍာရေးဌာနက MFTB နဲ့ MICB ဘဏ်တွေကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သလို စင်ကာပူနိုင်ငံအခြေစိုက် ဘဏ်တခုဖြစ်တဲ့ United Overseas Bank ဟာ မြန်မာနိုင်ငံ နိုင်ငံတကာလေးကြောင်းလိုင်း MAI ရဲ့ ဘဏ်အာမခံနဲ့ ဘဏ်စရင်းတွေကို ပိတ်သိမ်းခဲ့ပါတယ်။

နေပြည်တော်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရုံး(MOGE) ရုံးကို ဇူလိုင် ၆ ရက်နေ့မှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီး စီမံဌာနအရာရှိများကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းကို Myanmar Now သတင်းဌာနက ဖော်ပြခဲ့ပါတယ်။လုံခြုံရေးသတင်းပေါက်ကြားလို့ MOGE ရုံးကို အခုလို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းတွေကို ဖမ်းဆီးတာလို့ Myanmar Now ရဲ့သတင်းမှာဖော်ပြထားပါတယ်။အခုလို MOGE ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးတာဟာမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူ ဒဏ်ခတ်လိုက်ကြောင်း ဇွန် ၂၁ ရက်နေ့က ထုတ်ပြန်ကြေငြာပြီးနောက် သီတင်း ၂ ပတ်အကြာမှာ ဖြစ်ပွါးခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုလို MFTB နဲ့ MICB ဘဏ်တွေကို ပိတ်ဆို့အရေးယူလိုက်တာဟာ ထိရောက်တယ်လို့ မြန်မာ့စီးပွါးရေးလေ့လာသုံးသပ်သူ စီးပွါးရေးပညာရှင် ဦးစိန်ဌေးက ဗွီအိုအေကိုပြောပါတယ်။

"ထိရောက်တာပေါ့…..။ မြန်မာနိုင်ငံရဲ့ အချုပ် ဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ငွေကြေးအလွှဲအပြောင်း၊ အလွှဲအပြောင်းနဲ့ နိုင်ငံခြားငွေ ဒေါ်လာတစ်ခုတင် မဟုတ်ဘူး၊ နိုင်ငံခြားငွေ အကုန်လုံးကို ချုပ်ထားတဲ့ ဘဏ်နှစ်ခု။ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ်နဲ့ မြန်မာ့ကုန်သွယ်မှုဘဏ် တကယ့်အချုပ်။ ပြောရမယ်ဆိုရင် နိုင်ငံခြားငွေ transaction ပတ်သက်ပြီး အားလုံးပါနီးနီးလောက်၊ ၈၀ ရာခိုင်နှုန်းလောက် ကျနော်က မှန်းတယ်။ ဂဏန်း အတိအကျတော့ ကျနော်တို့ဆီမှာ မရှိဘူး။ ၈၀-၉၀ ရာခိုင်နှုန်းလောက် အဲဒီဘဏ်တွေက ဖြတ်ရတာ။ အဲဒါကို စီးပွားရေး ပိတ်ဆို့မှု လုပ်တယ်ဆိုတော့ ဘယ်လောက်ကြီးမားတဲ့ အရှိန်အဟုန်လည်းဆိုတာကို မြင်လာပြီပေါ့”

ဇွန် ၂၁ ရက်နေ့ကထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာန ထုတ်ပြန်ချက်မှာ MFTB နဲ့ MICB ဘဏ်တွေကို ပိတ်ဆို့အရေးယူ ဒဏ်ခတ်ရတာဟာ စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့ ဘဏ်တွေအနေနဲ့ နိုင်ငံတကာစျေးကွက်မှာ ငွေပေး၊ငွေယူ၊ငွေ အလွှဲအပြောင်းတွေ လုပ်လို့မရနိုင်အောင် အထူးသဖြင့် စစ်ကောင်စီအနေနဲ့ စစ်လက်နက်ပစ္စည်းတွေ၊စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေမတင်သွင်းနိုင်အောင်လို့ ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Myanmar Now ရဲ့ ဇူလိုင် ၁၀ ရက်နေ့ သတင်းတစ်ပုဒ်မှာလည်းစင်ကာပူနိုင်ငံအခြေစိုက် အထင်ကရဘဏ်ကြီးတစ်ခုဖြစ်တဲ့ United Overseas Bank (UOB) ဘဏ်ဟာ မြန်မာနိုင်ငံက နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Myanmar Airways International (MAI) နဲ့ သက်ဆိုင်တဲ့ ဘဏ်အာမခံနဲ့ ဘဏ်စာရင်းတွေကို ပိတ်သိမ်းလိုက်တဲ့အကြောင်း MAI ဘဏ်အကောင့်အတွင်း ငွေသားနဲ့ ချက်လက်မှတ်များ ထည့်သွင်းခြင်းကို ဇူလိုင် ၁ မှစ၍လည်းကောင်း၊ ငွေပေးချေမှုနှင့် ငွေအဝင်ဝန်ဆောင်မှုများကို ဇူလိုင် ၃၁ မှစ၍လည်းကောင်း ခွင့်မပြုတော့ဘဲ ဩဂုတ်လ ၁၅ ရက်ကစပြီး MAI နဲ့ သက်ဆိုင်တဲ့ ဘဏ်အာမခံ ၅ ခုစလုံးအပြင် ဘဏ်စာရင်းလက်ကျန်ငွေများနဲ့ ဘဏ်စာရင်းများကို ပိတ်သိမ်းသွားမယ်လို့ UOB က MAI ကိုပေးပို့တဲ့ email မှာဖော်ပြထားတယ်လို့ ဆိုပါတယ်။ဒါဟာ အမေရိကန်ဘဏ္ဍာရေးဌာနက MFTB နဲ့ MICB ဘဏ်တွေကို ပိတ်ဆို့ဒဏ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB

ဒါ့အပြင် ကြိုတင်ကြေငြာခြင်းမရှိပဲကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်ဆိုင်ရာ မူဝါဒသစ် ရုတ်တရက် ထုတ်ပြန်လိုက်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီမှာ ပြောင်းတင်ကုန်ကားအစီးရေ ၅၀၀ ကျော် ပိတ်မိပြီး ကုန်သည်တွေ ထိခိုက်ခဲ့ကြပါတယ်လို့ Farmer Times Media ရဲ့သတင်းကို ဇူလိုင် ၈ ရက်နေ့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။ဇွန် ၁၅ ရက်နေ့က ထုတ််ပြန်တဲ့ မူဝါဒသစ်မှာ မြဝတီမှာ လိုင်စင်လျှောက်ဖို့၊ ငွေထည့်ပေးမယ့် နိုင်ငံခြားကုမ္ပဏီနဲ့ ဝယ်ယူမယ့်ကုမ္ပဏီနာမည် မတူညီရင် ပို့ကုန်ကြေငြာလွှာထုတ်မပေးဘူးဆိုတဲ့အတွက် ပြောင်းကားတွေဟာ ထိုင်းကို တင်ပို့ခွင့် မရပဲ မြဝတီမှာ ပိတ်မိနေခဲ့တာပါ။ ဒီလို ပြောင်းကားတွေပိတ်မိခဲ့တဲ့အတွက် ရက်လွန်ကြေးပေးဆောင်ရတာ၊ဂိုဒေါင်ခတွေပေးရတာ၊ဂိုဒေါင် မရတဲ့ပြောင်းတွေ မိုးမိတဲ့အတွက် ပျက်စီးတာတွေကြုံရတာကြောင့် ပြောင်းတင်ပို့တဲ့ ကုန်သည်တွေထိခိုက်နစ်နာခဲ့ရကြရပါတယ်။ဒီလို အခက်အခဲတွေကြောင့် ဇွန်၂၉ ရက်နေ့မှာတော့ ဇွန် ၁၅ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ပို့ကုန်မူဝါဒသစ်ကို ပြန်လည် ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ဒါဟာ စကစ ရဲ့ စီးပွါးရေး မူဝါဒတွေ တည်ငြိမ်မှု မရှိတာ၊စီမံခန့်ခွဲမှု ညံဖျင်းတာကို ပြသနေတာဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ အခုလို စီးပွါးရေးကဏ္ဍမှာ အခက်အခဲတွေ၊မတည်ငြိမ်မှုတွေ၊မသေချာ မရေရာမှုတွေ ကြုံနေရသလို နိုင်ငံရေးမှာလည်း စိန်ခေါ်မှုတွေ ဒုနဲ့ ဒေးလို့ ဆိုရမှာပါ။ဇူလိုင် ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ အင်ဒိုနီးရှားမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံစီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်မရပါဘူး။ ပြောရရင် စစ်ကောင်စီဟာ သံတမန်ရေးအရ ရွာပြင်ထုတ်ခံထားရတယ်ဆိုရမှာပါ။

ပြည်တွင်းမှာလည်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေပြီး ပြည်တွင်းစစ်အရှိန်အဟုန်ဟာလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ဒီအကြောင်းကို မြန်မာစစ်တပ်ဟာ ပြည်တွင်းစစ်မှာ ရှုံးနိမ့်နေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို Council on Foreign Affairs ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။အဲဒီဆောင်းပါးမှာ ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ NLD အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ နယ်မြေအများစုကို မထိန်းချုပ်နိုင်တော့ဘူး။ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝှမ်းမှာ PDF တွေအချိန်တိုအတွင်းမှာ ပေါ်ပေါက်လာခဲ့တယ်။

စစ်တပ်ဟာ မြို့ပြဒေသတွေမှာတောင် အကြမ်းတမ်းဆုံး၊အကြမ်းတမ်းဆုံးပုံစံတွေနဲ့ ထိန်းထားရတယ်။ လတ်တလော မြေပြင်တိုက်ပွဲတွေမှာရှုံးနိမ့်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အားပြုနေရတယ်။ စစ်ဗိုလ်တွေ၊စစ်တပ်အရာရှိတွေနဲ့ ဆက်နွယ်နေသူတွေကို မြို့ပြဒေသတွေမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရတာ ပိုကျယ်ပြန့်လာနေတယ်။ အရှေ့တောင်အာရှမှာ အင်အားကြီးစစ်တပ်တစ်ခုဖြစ်ခဲ့တဲ့ အင်အား ၃ သိန်းကနေ ၄ သိန်းကြားရှိတယ်လို့ ခန့်မှန်းကြတဲ့ မြန်မာစစ်တပ်ဟာ အင်အား တစ်သိန်းခွဲဝန်းကျင်သာရှိတော့ပြီး တကယ့်တိုက်ခိုက်ရေး အင်အားဟာ ခုနှစ်သောင်းဝန်းကျင်ပဲရှိတော့တယ်လို့ သုတေသီ ရဲမျိုးဟိန်းက သုံးသပ်ထားတယ်။ စစ်ကောင်စီတပ်တွေထဲကို ဝင်ရောက်လိုသူတွေနည်းပါးလာပြီး တပ်ပြေးတွေလည်းများလာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ခုခံတော်လှန်ရေးအင်အားစုတွေကို အနိုင်ရဖွယ် မရှိတော့ဘူး။ နိုင်ငံဟာလည်း ကျရှုံးနိုင်ငံဖြစ်လာနေပြီလို့ ရေးသားထားပါတယ်။

အခုလို မြန်မာ့၊ကမ္ဘာ့မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ လတ်တလောကြုံတွေ့နေရတဲ့ စီးပွါးရေးချွတ်ခြုံကျမှု၊မလုံခြုံမှုနဲ့ အထွေထွေသော အကျပ်အတည်း တွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဆိုတာ ရှင်းပါတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

Your browser doesn’t support HTML5

အထွေထွေအကျပ်အတည်းတွေကြားက မြန်မာ