KIO နယ်မြေအနီး မြန်မာစစ်တပ် အင်အားတိုးချနေ

  • နူးပန်

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ရာဇသံ ပေးခဲ့တဲ့အပေါ် ကချင်လွတ်မြောက်ရးအဖွဲ့ (KIO) က လက်မခံကြောင်း ထပ်မံငြင်းဆန်ခဲ့တဲ့ နောက်ပိုင်းမှာတော့ KIO ထိန်းချုပ်ရာ နယ်မြေအနီးတဝိုက်မှာ မြန်မာစစ်တပ်တွေ တိုးချဲ့လာပါတယ်။ တပ်တွေ တိုးချဲ့ထားတာနဲ့ ဌာနချုပ် လိုင်ဇာသွားရာ လမ်းတွေမှာ မြန်မာစစ်သားတွေ စောင့်ကြပ်နေပြီး ခရီးသွားလာသူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) ထိန်းချုပ်ရာနယ်မြေ လိုင်ဇာသွားရာ လမ်းတွေမှာ မြန်မာစစ်သားတွေက နေရာယူပြီး လုံခြုံရေး တင်းကျပ်ထားတာ တွေ့ရတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“တံတားမှာလည်း အစောင့်တွေ စစ်ဆေးဖို့ ချထားပြီး ပိုပြီး တင်းကျပ်ထားတာ တွေ့ရတယ်။ ရှေ့တန်း စစ်တပ်တွေလည်း မြစ်ကြီးနား လိုင်ဇာ လမ်းတလျှောက် နေရာတိုင်းမှာ လုံခြုံရေးတွေ ချထားတာပေါ့။ သေနတ်တွေ ဘာတွေနဲ့ အပြည့်အစုံနဲ့ လမ်းပေါ်မှာ စောင့်နေကြတယ်။ လမ်းဘေးမှာဆို အလံနီတွေ ဘာတွေနဲ့ ခါတိုင်း မချိတ်ထားဘူး။ အခုက အဲဒီလို ချိတ်ထားတယ်။”

မြန်မာစစ်တပ်တွေက KIO ဌာနချုပ် အနီးတဝိုက်သာမက မြစ်ကြီးနား မြို့ပေါ်မှာလည်း KIO နဲ့ နီးစပ်တဲ့ သူတွေကို စစ်ဆေး မေးမြန်းတာမျိုးတွေ လုပ်နေတယ်လို့ ဆက်ပြောပါတယ်။

“ဒီမြစ်ကြီးနားမြို့မှာက KIA က လူငယ်တွေကိုပေးတဲ့ စစ်သင်တန်း EEDY ကျောင်းသူ၊ ကျောင်းသားတွေ မြစ်ကြီးနား မြို့ပေါ်မှာ မနေရဘူး။ ဒါကြောင့်မို့လို့ EEDY တွေကို လိုက်စစ်တာ။ ညတွေဆိုရင်လည်း အဝင်အထွက်တွေ၊ မသင်္ကာတဲ့သူတွေကို တွေ့ရင် စစ်ဆေးမေးမြန်းတာမျိုး။ ခါတိုင်းဆိုရင် မြစ်ကြီးနားမြို့ပေါ်မှာ အဲလိုမျိုး လိုက်ဖမ်းတာ မရှိဘူး။ အခုက သိသိသာသာကြီးကို မြို့ပေါ်လည်း အဲလိုမျိုး လှုပ်ရှားတာ တွေ့ရတာပေါ့။”

အခုလို လုံခြုံရေး တင်းကျပ်မှုတွေကြောင့် ဒေသခံတွေက ညမှာ လွတ်လွတ်လပ်လပ် အပြင်ထွက် သွားလာတာမျိုး မလုပ်ရဲကြတော့ဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်တွေက နယ်စပ်ရှိ တပ်မတွေမှာ စစ်အင်အား ဖြည့်နေတာကို ဒေသခံတွေ တွေ့နေရတဲ့အတွက် အခြေအနေတွေ တင်းမာလာမှာကို စိုးရိမ်နေတယ်လို့ ဗန်းမော် ဒေသခံတဦးကလည်း အခုလို ပြောပါတယ်။

“ကားနဲ့ တောင်ပေါ် နယ်စပ်တွေမှာပေါ့၊ ပို့ထားပြီးမှ အဲဒီကနေ ဘယ်ကိုသွားလိုက်တယ် ဆိုတာကိုတော့ ကျနော်တို့ ကောင်းကောင်း မမြင်ရတော့ဘူး။ စစ်ကြောင်းပုံစံ သူတို့ လှုပ်ရှားနေတဲ့ ပုံစံတော့ တွေ့ရတာပေါ့။ နယ်စပ်ဘက်က ဟာတွေကျတော့ နည်းနည်းတော့ စိုးရိမ်ရတဲ့ အပိုင်းတော့ ရှိတာပေါ့။ ဘာတွေများ ဖြစ်လာမလဲပေါ့၊ ကြောက်စိတ်တော့ နည်းနည်းရှိတာပေါ့။”

KIO အနေနဲ့ ငြိမ်းချမ်းသောနည်းနဲ့ ဆွေးနွေးမယ် ဆိုပေမဲ့ အစိုးရတပ်တွေ သွားလာလှုပ်ရှားမှုကို တွေ့နေရတဲ့ ဒေသခံတွေကတော့ ထိုးစစ်ဆင်လာမှာ စိုးရိမ်တဲ့အတွက် ဆန်၊ ဆီ၊ ဆားတွေ ကြိုတင်ဝယ် စုဆောင်းတာမျိုး လုပ်နေတယ်လို့ ပြောပါတယ်။

အပစ်ရပ်တွေကို စစ်အစိုးရက စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံး လက်နက်ချဖို့ ဖိအားပေးမှုကို KIO လက်မခံတဲ့နောက်ပိုင်း စက်တင်ဘာ ၅ ရက်နေ့ကစပြီး KIO ရဲ့ ခရီးသွားလာမှုကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ခရီးသွားလိုသူ အနေနဲ့ နယ်မြေခံ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) ကို သတင်းပို့ပြီး မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) စစ်ဌာနချုပ်က ခွင့်ပြုမိန့်ပေးမှ သွားလာခွင့်ရမှာ ဖြစ်ပါတယ်။

အဲဒီအပေါ်မှာ KIO ဘက်ကတော့ ဆန့်ကျင်ဖို့ ပြင်ဆင်တာတွေ မရှိသလို အခုလို မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ ရှိတယ်လို့ KIO ဒု-အထွေထွေ အတွင်းရေးမှူး ဆင်ဝါးက ပြောပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ KIO ရဲ့ တောင်းဆိုမှုအပေါ်မှာ အချင်းချင်း နားလည်မှုရှိပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့တော့ မျှော်လင့်တယ်လို့ ဆိုပါတယ်။