နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ASEM ထိပ်သီးများ တောင်းဆို

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ASEM ထိပ်သီးများ တောင်းဆို

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာရှနဲ့ ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ ASEM ခေါ် အာရှ၊ ဥရောပ ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ခေါင်းဆောင်တွေက အခုလို တိုက်တွန်းလိုက်တာပါ။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲကို အင်အားစုအားလုံး ပါဝင်တဲ့၊ ပွင့်လင်းထင်သာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရလိမ့်မယ်လို့ သူတို့က ပြောပါတယ်။

မကြာသေးခင်က အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ဒီနိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အစည်းအဝေး သဘာပတိရဲ့ ကြေညာချက်ထဲမှာ ပါဝင်တဲ့အတိုင်း အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြတာပါ။ သဘာပတိရဲ့ ကြေညာချက် တစိတ်တပိုင်း ဖြစ်တဲ့အတွက် အစည်းအဝေး တက်ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ခံ အတည်ပြုချက် မလိုအပ်ပါဘူး။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၁ နှစ်အတွင်း ၁၄ နှစ်လောက် နေအိမ်အကျယ်ချုပ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေက ကြေညာချက်ထဲမှာ သီးခြား ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။