မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီတွေထဲမှာ အများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြွေးမြီတွေကို အမြန်ဆုံးပြန်ဆပ်ဖို့ လွှတ်တော်ကနေ NLD အစိုးရကို ပြီးခဲ့တဲ့ သတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။
ပြည်ပကြွေးမြီ စုစုပေါင်း ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထဲမှာ တရုတ်ကို ဆပ်ရမယ့်ချေးငွေပေါင်း လေး ဘီလီယံရှိနေတာကြောင့် တရုတ်ရဲ့ အကြွေးထောက်ချောက်ကနေ လွတ်မြောက်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ကြမလဲ။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။
မြန်မာရဲ့ ပြည်ပကြွေးမြီထဲမှာ တရုတ်ရဲ့ကြွေးမြီ အများဆုံးဖြစ်သလို တနှစ်ထက်တနှစ်လည်း တိုးလာနေတဲ့အတွက် ကြီးမားလှတဲ့ကြွေးမြီ ထောင်ချောက်ကြောင့် နိုင်ငံရဲ့ အချုပ်အချာအာဏာကိုပါ တရုတ်က လွှမ်းမိုးလာမှာကို စိုးရိမ်မှုတွေရှိနေပြီး အစိုးရအနေနဲ့ အမြန်ဆုံးပြန်ဆပ်ဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ကြတာပါ။
ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ ပတ်သက်လို့လွှတ်တော်မှာ တင်သွင်းထားတဲ့ အစိုးရရဲ့ အစီရင်ခံစာကို ဇန်နဝါရီလ (၂၉)ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ချိန်မှာ ပြည်ပကြွေးမြီစာရင်းအရ တရုတ်ချေးငွေလက်ကျန် အများဆုံးဖြစ်နေသလို၊ အတိုးနှုန်းပေးရတဲ့နေရာမှာလည်း အများဆုံး ဖြစ်နေကြောင်း ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မဲဆန္ဒနယ်မြေ လွှတ်တော်အမတ် ဒေါ်ချိုချိုက အခုလိုပြောပါတယ်။
“၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်ပြည်ပချေးငွေ လက်ကျန်အခြေအနေကို ဖေါ်ပြထားတဲ့ ဇယားပါ အချက်အလက်များကို လေ့လာကြည့်ရာတွင် တရုတ်ချေးငွေ လက်ကျန်အများဆုံးဖြစ်တဲ့အပြင် ပေးရတဲ့ အတိုးနှုန်းကလည်း အများဆုံးဖြစ်နေတဲ့အတွက် တရုတ်ချေးငွေ လက်ကျန်ကို ဆောလျှင်စွာ ပြန်ဆပ်သင့်ပါတယ်။”
တရုတ်နိုင်ငံက ချေးယူထားတဲ့ငွေတွေဟာ အရင်စစ်အစိုးရအဆက်ဆက်လက်ထက်တွေတုန်းက ဖြစ်ပြီး အခုမှ ဒီငွေတွေ ပြန်ဆပ်ရမယ့် အချိန်ရောက်နေတာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အခုလို ပြောသွားပါတယ်။
“တရုတ်ကြွေးမြီဟာ ကျနော်တို့ဆီမှာ ၄ ဘီလီယံကျော်ရှိပါတယ်။ ပျမ်းမျှအတိုးနှုန်းဟာ ၄%နှုန်းဝန်းကျင်မှာ ရှိပါတယ်။ တရုတ်ကြွေးမြီအများစုဟာ အရင်အစိုးရအဆက်ဆက်က ချေးယူခဲ့တဲ့ ငွေတွေဖြစ်ပြီး ယခုအခါ ကြွေးမြီ ပြန်ဆပ်ရမယ့် ကာလကို ဆိုက်ရောက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က Public debt လျော့ချတဲ့အစီအစဉ်မှာလည်း တရုတ်ကြွေးမြီတွေ လျော့ချတဲ့ အစီအစဉ် မပါခဲ့ပါဘူး။ အဲတော့ ၂၀၁၅-၁၆ မှာ အမေရိကန်ဒေါ်လာ သန်း ၃၄၀ တိုးလာပါတယ်။ ၂၀၁၆-၁၇ မှာ ပြန်လျော့သွားပေမယ့် ဒီနှစ် ၂၀၁၇-၁၈ မှာ ပြန်တိုးလာပါတယ်။ တရုတ်ရဲ့ ကြွေးမြီနဲ့ ပတ်သက်ပြီးတော့။”
ဒါအပြင် တရုတ်ရဲ့ကြွေးမြီအများစုကို အတိုးနှုန်း ၄.၅% နဲ့ ပေးဆပ်ရမှာဖြစ်သလို ဒီအတိုးနှုန်းဟာ အခြား နိုင်ငံတကာအစိုးရတွေနဲ့ ကမ္ဘာ့ဘဏ်လို ငွေကြေးအဖွဲ့အစည်းတွေဆီမှာရှိနေတဲ့ ချေးငွေ အတိုးနှုန်းနဲ့ နှိုင်းယှဉ်ရင် အများဆုံးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီပမာဏဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အတွင်းမှာ စုပုံလာပြီး အဲဒီထဲမှာ တရုတ်ချေးငွေ အများဆုံး ဖြစ်လာရတဲ့ အကြောင်းရင်းကလည်း နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို ခံနေရတဲ့ မြန်မာစစ်အစိုးရအတွက် တရုတ်နိုင်ငံသာလျှင် အဓိက အားထားစရာ ဖြစ်လာတာပါ။ ဒါကြောင့် အဲဒီအချိန်က ယူထားတဲ့ တရုတ်ကြွေးမြီတွေကို အခုပြန်ဆပ်ဖို့ဆိုရင် ပြည်တွင်းထုတ်ကုန်လို ဆန်မျိုးနဲ့ ပြန်ပြီး ပေးချေတဲ့ နည်းလမ်းကို အသုံးပြုသင့်တယ်လို့ မြင်ကြောင်း လွှတ်တော်အမတ် ဦးသန်းစိုးက ပြောပါတယ်။
“တရုတ်ရဲ့ ကြွေးမြီတွေကို ပြန်ဆပ်ဖို့အတွက် ဘယ်လိုနည်းလမ်းရှာ ဆောင်ရွက်ရမလဲဆိုတာ ကြွေးမြီပြန်ဆပ်ရေး မဟာဗျူဟာနည်းလမ်းမှာ အထူးအရေးကြီးပါတယ်။ တချို့လက်တင်အမေရိကား တချို့နိုင်ငံတွေမှာ သူတို့ရဲ့ ပြည်တွင်း ထုတ်ကုန်တွေနဲ့ ပြန်ဆပ်ပါတယ်။ ဥပမာ- ငှက်ပျောသီးနဲ့ ဆပ်တာမျိုး။ ကော်ဖီနဲ့ ဆပ်တာမျိုး။ ပြောင်းနဲ့ ပြန်ဆပ်တာမျိုး။ နိုင်ငံတကာမှာ G2G request လုပ်ပြီးတော့ ပြန်ဆပ်တာမျိုးပေါ့။အဲတော့ ကျနော်တော့ နိုင်ငံမှာလည်း အထူးသဖြင့် ဆန်၊ ကျနော်တို့ နိုင်ငံရဲ့ ထုတ်ကုန်တော်တော်များများနဲ့ တရုတ်ကို ပြန်ဆပ်မယ်ဆိုရင် ကြွေးမြီဝန်ထုတ် ဝန်ပိုးဟာ တနည်းတဖုံ ရှင်းလင်းလာမှာ ဖြစ်ပါတယ်။”
ဒါပေမဲ့ အဲဒီလို barter ကုန်ပစ္စည်းချင်း လည်လှဲတဲ့ ပုံစံမျိုး ထုတ်ကုန်ပစ္စည်းနဲ့ ပြန်ဆပ်တဲ့နည်းလမ်းဟာ တိုင်းပြည်အတွက် နစ်နာစေမယ်လို့ မြင်ကြောင်း အမေရိကန်အခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးကံထွန်းက ဗွီအိုအေကို ပြောပါတယ်။
“လောလောဆယ် ပစ္စည်းနဲ့ ပြန်ဆပ်တာကတော့ တိုင်းပြည်အတွက် လက်ရှိအခြေအနေအရ ပိုပြီးနစ်နာမယ်လေ။ မြန်မာ့ဆန်က export ထုတ်ကုန်မှာ တော်တော်လေး ဝယ်အားလိုက်လာတယ်ဆိုတော့။ဆန်က မြန်မာပြည်အတွက် အတော်လေး တန်ဖိုးရှိတဲ့ ပစ္စည်းဖြစ်တယ်။ အဲဒါကို အကြွေးကို ပြန်ပြီး လျှော်တဲ့နည်းမှာ သုံးမယ်ဆိုရင် ဥပမာ- အခြားကို ရောင်းရင် ၁၁၅ ကျပ်ရမယ်ဆိုရင် တရုတ်ကို ၁၁၅ ကျပ်လုံးပေးလိုက်မယ်ဆိုရင် ဒီ အမြတ် ၁၅ ကျပ်က ပျောက်သွားမယ်။ အရင်းပါ ပျောက်သွားမယ်။”
ဒါကြောင့် သူရဲ့ လုပ်ငန်းအတွေ့အကြုံပေါ် အခြေခံပြီး တရုတ်အကြွေးပြန်ဆပ်နိုင်ရေး နည်းလမ်းသုံးလမ်းကို ဦးကံထွန်းက အခုလို အကြံပြုသွားပါတယ်။
“ပထမအချက်ကတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ တရုတ်က မြန်မာနဲ့ ဒီလောက် ချစ်ကြည်တယ်၊ ရင်းနှီးတယ်ဆိုပြီးတော့ ကြွေးကြော်နေတာဆိုတော့ အဲဒါကို ထောက်ပြပြီး နိုင်ငံရေးအရ အကြွေးတဝက်ကို လျှော်ပစ်ဖို့၊ ဒုတိယအချက်ကတော့ အတိုးနှုန်း ၄%ကျော်မှာ ကမ္ဘာ့ဘဏ်တို့၊ ADB တို့ နှစ်ရှည်ချေးတဲ့ အတိုးနှုန်းနဲ့ ယှဉ်ပြပြီး အတိုးနှုန်းကို ပြန်လည်သတ်မှတ်တဲ့နည်း နဲ့ ပြန်လည်သတ်မှတ်သင့်တယ်၊ တတိယကတော့ ဆိုင်းငံ့ကာလကို ထပ်ပြီး တိုးမြှင့်ပေးပါဆိုတဲ့ သုံးနည်းနဲ့ ချဉ်းကပ်လို့ရှိရင် တရုတ်က အိမ်နီးချင်းကောင်းအနေနဲ့ စေတနာမှန်တယ်ဆိုရင် တနည်းနည်းကိုတော့ လိုက်လျောသင့်ပါတယ်။”
အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်နေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက တဆင့် တရုတ်တောင်ပိုင်း ကုန်တွင်းဒေသနဲ့ ဆက်စပ်ပေးနိုင်မယ့် အမြန်ရထားလမ်း ဖောက်လုပ်ရေး အပါအဝင် တရုတ်ရဲ့ မြန်မာနိုင်ငံတွင်း စီမံကိန်းတွေနဲ့ တရုတ်အပေါ် မြန်မာနိုင်ငံက တနည်းတဖုံ အကြွေးပြန်ဆပ်ရတဲ့ သဘော ဖြစ်လာမယ်လို့ မြန်မာနဲ့ အနောက်နိုင်ငံက စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံတင်မက သီရိလင်္ကာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေကိုလည်း တရုတ်က အကြွေးပေးထားပြီးတော့ ဒီနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ လိုက်လျောမှုတွေကို တရုတ်က ဖိအားပေးတိုက်တွန်းနေကြောင်းလည်း ပညာရှင်တွေကလည်း သတိပေးထားပါတယ်။
Your browser doesn’t support HTML5