ရခိုင်ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား

  • ညိုညိုလွင်

ရခိုင်ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား

ရန်ကုန်တိုင်း အပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကြက်၊ ဘဲ မွေးမြူရေး ခြံတွေကို စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြက်ငှက် တုပ်ကွေးရောဂါပိုး သံသယရှိတဲ့အတွက် ကြက်ငှက်အကောင် ၅၀,၀၀၀ လောက်ကို ကျန်းမာရေး အရာရှိတွေက သုတ်သင်ခဲ့သလို ကြက်သားနဲ့ ကြက်ဥ ရောင်းဝယ်မှုတွေကိုလည်း ယာယီ ပိတ်ပင်ထားပါတယ်။ အပြည့်အစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘုမကျေးရွာမှာရှိတဲ့ ကြက်မွေးမြူရေးခြံတွေမှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ကြက်ကောင်ရေ ၈၀၀ ကျော် သေဆုံးခဲ့တာကြောင့် စစ်ဆေးကြည့်ရာမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး AH1N1 ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ကြတာပါ။ လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ မွေးမြူရေးခြံတွေကို သတိပေး နှိုးဆော်မှုတွေ ပြုလုပ်နေတယ်လို့ မွေးမြူရေး ဦးစီးဌာနက အရာရှိတဦးက ပြောပြပါတယ်။

“စောင့်ကြည့်တဲ့ သဘောမျိုးပဲ လုပ်တာ ရှိတာပေါ့။ ဘယ်လိုနေရာက ဘယ်လို ဘယ်ငှက်တွေ ဝင်လာမလဲ၊ ဝင်လာတဲ့ ငှက်တွေမှာ ရောဂါပိုးတွေ ပါလာမလား၊ ဘယ်လိုလဲပေါ့။ ငှက် အသေအပျောက်နှုန်း၊ ငှက်ကျနှုန်းတွေပေ့ါ၊ အဲဒါတွေကို စောင့်ကြည့်ဖို့အတွက်တော့ ပြင်ဆင်ထားတယ်။”

မြန်မာနိုင်ငံမှာ ကြက်ဥနဲ့ ကြက်သားပေါက်တွေကို နယ်စပ်ဒေသတွေကနေ မှာယူ တင်သွင်းကြတဲ့အတွက် တရုတ် မြန်မာနယ်စပ်၊ ထိုင်း မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် စတဲ့ နယ်စပ်ဒေသတွေမှာလည်း စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

“နယ်စပ်ဖြတ်ကျော် ကြက်ငှက်တုပ်ကွေးရောဂါ အဲဒီအခြေအနေကိုလည်း စောင့်ကြည့်ဖို့ ရှိတာပေါ့။ နယ်စပ်ဖြတ်ကျော် ကြက်ငှက်တုပ်ကွေးဆိုတော့၊ ကြက်ငှက်တုပ်ကွေးမှ မဟုတ်ပါဘူး၊ ရောဂါတိုင်းကတော့ နယ်စပ်ဖြတ်ကျော်တဲ့ အခြေအနေ ရှိတယ်။ ဒါပေမဲ့ အခုကာလ ကြက်ငှက်တုပ်ကွေး ရာသီမှာတော့ ကြက်ငှက်တုပ်ကွေးကို အဓိက စောင့်ကြည့်မယ်၊ အဲဒါက နယ်စပ်ကနေ ဝင်လာမယ့် တိရစ္ဆာန်၊ ဥပမာ ကြက်အရှင်တွေ၊ ကြက်နဲ့ ကြက်သားထွက် ပစ္စည်းတွေ၊ အဲဒါတွေကို စစ်ဆေးသွားဖို့ ရှိတယ်။”

မြန်မာနိုင်ငံအတွင်းမှာ ကြက်မွေးမြူရေးခြံပေါင်း သိန်းဂဏန်းအထိ ရှိပါတယ်။ ကြက်၊ ဘဲတွေကို ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနေကြပေမဲ့ စနစ်တကျ မွေးမြူမှု နည်းပါးကြသလို ကြက်မွေးမြူသူတွေ၊ ကြက်သား အရောင်းအဝယ် ပြုလုပ်သူတွေကလည်း ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ ဗဟုသုတ နည်းပါးကြပြီး ကြက်သေအသားကို စနစ်တကျ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကအစ နားလည်ကြသူ နည်းပါးပါတယ်။

“အဲဒါတွေ လုံးဝမဖြစ်ဘူး၊ ကိုယ့်ခြံထဲ မဖြစ်ဘူးတော့ ဘာမှမသိဘူး။ ကျမတို့က တလကို ၁၀ ရက်မှ တကောင်သေတာ မရှိဘူး။ တကောင်နဲ့တကောင် စိပ်သေးတာ၊ ကျမတို့ ကြက်တုပ်ကွေးဆိုတာ နားလည်း မလည်ဘူး။ ကြက်တွေလာတယ်၊ ရောဂါလည်း မရှိဘူး။”

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ကြက်မွေးမြူသူတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကြက်မွေးမြူရေးခြံတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု များတဲ့အပြင် ကြက်တုပ်ကွေး ရောဂါကြောင့် ကြက်ခြံတွေကို လျော်ကြေးမရဘဲ ဖျက်ဆီးပစ်ခံရမှာကိုလည်း စိုးရိမ်ကြတဲ့အတွက် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ခဲ့ရင်တောင် သက်ဆိုင်ရာကို အသိပေးဖို့ ဝန်လေးကြပါတယ်။

ရန်ကုန်မြို့ခံ တဦးကတော့ သူတွေ့မြင်နေရတဲ့ အနေအထားကို အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာတော့ ကြက်ခြံတွေက ကြက်ငှက်တုပ်ကွေး ဖြစ်တယ်ဆိုရင် သူတို့က ထုတ်ပြန်မှာ မဟုတ်ဘူး၊ စီးပွားအပျက်ခံပြီးတော့။ ဒီလိုပဲ အစိုးရကလည်း ထုတ်ပြန်မှာ မဟုတ်ဘူး။ ဒီတော့ ဖြစ်တဲ့ရာသီမှာ ပြည်သူလူထုတွေကတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အန္တရာယ်ကင်းအောင် ဆောင်ရွက်တတ်ဖို့တော့ လိုတာပေါ့။ ဒါမှလည်း အန္တရာယ်ကင်းမှာ။”

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ် အပါအဝင် တခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ကြက်ဥ၊ ကြက်သား ရောင်းချ စားသုံးနေဆဲပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာကလည်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းထုတ်ပြန်မှု အသစ်တွေ မရှိသေးဘူးလို့လည်း ရန်ကုန် ဒေသခံတွေက ပြောပြကြပါတယ်။