G-7 အစည်းအဝေးမှာ မြန်မာ့အရေးအပါအဝင် နိုင်ငံတကာကိစ္စတွေ ဆွေးနွေးဖို့ရှိ

G7 Foreign Ministers' meeting in Karuizawa

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် G-7 စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာ့အရေးအပါအဝင် နိုင်ငံတကာ ပြဿနာတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။ အစည်းအဝေးကျင်းပမယ့် ဂျပန်နိုင်ငံအလယ်ပိုင်း Karuizawa မြို့ကို အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း ဒီနေ့မှာ ကျည်ဆံရထားနဲ့ ရောက်ရှိလာကြပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် ဖိအားတွေ တိုးပေးလာနေတဲ့ကိစ္စနဲ့ ယူကရိန်စစ်ပွဲအရေးကိစ္စတွေကို ဒီဆွေးနွေပွဲအတွင်း အဓိကထား ဆွေးနွေးမယ့်ကိစ္စတွေအဖြစ် ရှိနေပါတယ်။ တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးလုပ်ပြီး မြောက်ကိုရီးယားကလည်း ကြာသပတေးနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအသစ်တစင်းကို စမ်းသပ်ပစ်လွှတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ကျင်းပတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကတော့ ဒီနေ့ ယူကရိန်း ရင်ဆိုင်ရတဲ့အခြေအနေမျိုးက မနက်ဖြန်မှာ အရှေ့အာရှကို ရောက်လာနိုင်တယ်လို့ ထပ်တလဲလဲ သတိပေးလိုက်ပြီး၊ ဥရောပရဲ့ လုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးကို သီးခြားခွဲပြီး ဆွေးနွေးလို့မဖြစ်ဘူးလို့ ပြောလိုက်ပါတယ်။

ဒီအစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ စစ်ကောင်စီဘက်က တိုက်ခိုက်နေတဲ့ကိစ္စတွေနဲ့ အာဖဂန်နစ္စတန်အရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။

=== Unicode ====



