ပို့ကုန်တချို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ယာယီကင်းလွတ်

ပို့ကုန်တချို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ယာယီကင်းလွတ်

မြန်မာနိုင်ငံမှာ ဆန်နဲ့ ပဲမျိုးစုံ အပါအဝင် ပို့ကုန်ပစ္စည်း ၇ မျိုးအတွက် ပြည်ပပို့ကုန် ရောင်းရငွေ အပေါ်မှာ ကောက်ခံတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို သြဂုတ်လ ၁၅ ရက်နေ့ကနေ ရှေ့နှစ် ဖေဖော်ဝါရီလအထိ ၆ လ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။ အစိုးရရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာတော့ ပြည်ပပို့ကုန် တိုးမြှင့်ရေးကို အားပေးတဲ့ အနေနဲ့ အခုလို ကင်းလွတ်ခွင့် ပေးလိုက်တာလို့ ဖော်ပြထားပါတယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် လုပ်တဲ့ ခြေလှမ်းလို့ မြင်နိုင်တဲ့ လျှော့ချမှုတွေနဲ့ ပတ်သက်လို့ မစုမြတ်မွန်က သုံးသပ်တင်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ နိုင်ငံခြားကို တင်ပို့နေတဲ့အထဲက ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို သြဂုတ်လ ၁၅ ရက် တနင်္လာနေ့ကစပြီး အစိုးရက ၆ လ ယာယီ ကင်းလွတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ပြည်ပပို့ကုန် တိုးမြှင့်ရေးကို အားပေးဖို့အတွက် လုပ်တာလို့ အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားကို ကုန်ပစ္စည်း တင်ပို့နေသူတွေ အနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် Commercial tax ကို ၅%၊ ဝင်ငွေခွန် Income tax ကို ၂% ပေးဆောင်နေကြရတာ ဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီးမှ ကုန်သွယ်လုပ်ငန်းခွန်ကို ၈% ကနေ ဇူလိုင်လမှာ ၅% လျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ ပို့ကုန်တွေထဲက ကုန်ပစ္စည်းတချို့ကို ကုန်သွယ်ခွန် ယာယီကင်းလွတ် ပေးလိုက်တဲ့အတွက် ကောင်းကျိုးရှိလာနိုင်တာနဲ့ တချိန်တည်းမှာလည်း သတိထားရမယ့် အချက်လည်း ရှိတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဌာနက အရာရှိဟောင်း တယောက်က အခုလို သုံးသပ်ပါတယ်။

“ပြည်ပပို့ကုန် ပို့နေတဲ့ Exporters တွေ အတွက်ကို ကုန်ကျစရိတ်က အထိုက်အလျောက်တော့ သက်သာလာမယ်။ သက်သာလာပြီး ပြည်ပဈေးကွက်မှာလည်း ပို့ကုန် ဈေးနှုန်းတွေက ပိုပြီးတော့ Competitive ဖြစ်လာနိုင်ပါတယ်။ ဈေးကွက်ထဲမှာ တိုးနိုင်တာပေါ့။ ရောင်းအားလည်း များလာနိုင်တယ်။ ကိုယ့်ဆီကဈေးက သက်သာရင် ကိုယ် အများကြီး သူတို့ဝယ်အားတွေ လိုက်လာရင် အများကြီး ပို့နိုင်မယ်။ အဲဒီလို ပို့လိုက်ရင် ပြည်တွင်းမှာရော ဈေးနှုန်းတွေ တက်လာမလားပေါ့၊ အဲဒီပစ္စည်းတွေ အတွက်လေ။

“အဲဒီတော့ ပြည်တွင်း စားသုံးသူတွေ အတွက်ရော ဘယ်လို Effect ဖြစ်လာနိုင်မလဲဆိုတာ ထည့်သွင်း စဉ်းစားသင့်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဟာတောင်မှပဲ ပြည်တွင်းမှာ တချို့ဟာတွေဆိုရင် မရှိတော့ဘူးလေ၊ မရောင်းနိုင်တော့ဘူး။ ရှိတာတွေကလည်း အရမ်း ဈေးများတာပေါ့။ အဲတော့ အခု အဲဒီလိုသာ လျှော့လိုက်မယ်ဆိုရင် အရမ်း ပို့လိုက်ရင်တော့ ပြည်တွင်းမှာ ဖူလုံမှု မရှိဘူး ဖြစ်သွားမှာပေါ့။”

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းကို စနစ်တကျဖြစ်အောင် လုပ်မယ်လို့ အစိုးရသစ်က ကြေညာထားချိန်မှာ အခုလို ပြည်ပပို့ကုန်တချို့ ရောင်းရငွေအပေါ်မှာ ကောက်တဲ့ ကုန်သွယ် လုပ်ငန်းခွန်တွေ ယာယီ ကင်းလွတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ငွေကြေးလဲလှယ်နှုန်း စနစ်တကျဖြစ်အောင် နည်းပညာ အကူအညီ ပေးပါလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကိုလည်း အစိုးရက အကူအညီ တောင်းထားပါတယ်။ ဒီလိုအခြေအနေကြောင့် အခုလို ကုန်သွယ်ခွန် လျှော့ပေါ့ပေးလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်သူကတော့ စီးပွားရေး ပညာရှင် ဦးစိန်ဌေး ဖြစ်ပါတယ်။

“IMF အကူအညီ လိုချင်တယ်။ လိုချင်တဲ့ အခါကျတော့ သူတို့ သွားတောင်းတယ်။ တောင်းတဲ့အခါ ဟိုဘက်က ပြောလိုက်တာ ရှင်းရှင်းလေး၊ တချိန်လုံးလည်း ပြောနေတာ။ ခင်ဗျားတို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြပါ။ နိုင်ငံခြားငွေလဲနှုန်း တခုတည်းထားပါ။ ပြောချင်တာ Parallel Exchange Rate ခေါ်တာပေ့ါ။ အတည်ပေါက်ဈေးနဲ့ ထားလို့ရှိရင် အဲဒါတွေကို ကျနော်တို့ အကူအညီ၊ ကျနော်တို့ Rules တွေနဲ့ လိုက်မယ်ဆိုရင် ခင်ဗျားတို့ကို ကူမယ်ဆိုတဲ့ စကားတွေရှိတော့ ဒါဟာ ပြောချင်တာက တဘက်က တိုင်းပြည်ရဲ့ ပို့ကုန်ကဏ္ဍ ဝင်ငွေလျော့ကျလို့၊ တွက်ချေမကိုက်လို့ လျှော့ပေးရတာ ဖြစ်သလို တဘက်ကလည်း IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးရဲ့ အကူအညီကို ရချင်တဲ့ အခါကျတော့ သူတို့ရဲ့ တောင်းဆိုမှုတွေကို တစိတ်တပိုင်းအားဖြင့် အမြင်လှအောင်၊ ရေရှည်တော့ စောင့်ကြည့်ရမှာပေါ့လေ၊ အဲဒီ ၂ ချက်ကြောင့် လုပ်တယ်လို့ ကျနော် မြင်ပါတယ်။”

မြန်မာကျပ်ငွေနဲ့ ဒေါ်လာ လဲလှယ်နှုန်းမှာ မြန်မာငွေက တန်ဖိုးတက်နေတဲ့အတွက် တော်တော်လေး အခက်အခဲ ရှိတယ်လို့ ပို့ကုန်လုပ်ငန်း လုပ်သူတွေက ပြောနေကြချိန်မှာ ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်း စတဲ့ ပို့ကုန်တွေအပေါ် အစိုးရက ကုန်သွယ်လုပ်ငန်းခွန် ယာယီ ကင်းလွတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ လုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးတွေမှာ ကျပ်ငွေနဲ့ ရရှိတဲ့ ပို့ကုန်ရောင်းရငွေထဲက ကုန်သွယ်ခွန်ကို ကျပ်ငွေနဲ့ ၈% ပေးဖို့ သတ်မှတ်ထားရာက သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ၅% ပဲ ပေးဆောင်ဖို့ လျှော့ပေါ့ သတ်မှတ်ပေးခဲ့ပါတယ်။