ရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုများ ပေါ်လာနိုင်

  • ဦးကျော်ထင်

ရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုများ ပေါ်လာနိုင်

ရွေးကောက်ပွဲ ရလဒ်အပေါ် ပြည်တွင်း ပြည်ပက ကန့်ကွက်နေတဲ့ကြားက စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်အသီးသီးမှာ အနည်းဆုံး ၇၅% နီးပါး အနိုင်ရနေပြီလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ဒီရွေးကောက်ပွဲ ရလဒ်ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမို ရှုပ်ထွေးလာနိုင်မယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်အသီးသီးမှာ အနည်းဆုံး ၇၅% နီးပါး အနိုင်ရတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကားပြီး ဒီကနေ့ထုတ် တရုတ်အစိုးရပိုင် People’s Daily Online သတင်းမှာ ဖော်ပြထားပါတယ်။

ဥပဒေပြုလွှတ်တော် ၂ ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှာ ၇၉.၆% နဲ့ ၇၆.၇% အနိုင်ရတယ်လု့ိလည်း သတင်းက ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီရလဒ်အပေါ် ကန့်ကွက်နေပေမဲ့ စစ်အစိုးရအပေါ် သြဇာညောင်းတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ထောက်ခံနေတယ်လို့ သံတမန်ဟောင်း သခင်ချန်ထွန်းက ပြောပါတယ်။

“ရှုပ်တာကတော့ အခုကို ရှုပ်ထွေးနေတာပဲ၊ ပိုပို ရှုပ်စရာတောင် မလိုဘူး။ သူတို့က ကြေညာပြီးပြီ၊ လုပ်ပြီးပြီ။ ဒီအတိုင်းလုပ်မယ် ဆိုပြီး လုပ်ထားတယ်။ သူ့ရက်၊ သူ့နေ့ကျရင် ခေါ်မှာပဲ၊ ၃ လအတွင်း လုပ်ရမှာကိုး။ ၃ လအတွင်း လွှတ်တော်ခေါ်ရမယ်ဆိုတော့ သူခေါ်မှာပဲ။ အားလုံးကတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ အမေရိကန် ခေါင်းဆောင်ပြီး ဥရောပသမဂ္ဂတို့က ပြောနေကြတာပဲ။ ဒါပေမဲ့ စစ်အစိုးရ အနေနဲ့ တရုတ်က ဘာမှမပြောဘူး၊ ရုရှားကလည်း ဘာမှမပြောဘူး။ အဲဒီတော့ တရုတ်၊ ရုရှားက နောက်ခံသဘောမျိုး အဓိပ္ပာယ် သက်ရောက်နေတာကိုး။”

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း ကိုဖြိုးမင်းသိန်းကတော့ ဒီရွေးကောက်ပွဲ ရလဒ်ကြောင့် မြန်မာ့နိုင်ငံရေး ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ ဆိုပါတယ်။

“ဒီရွေးကောက်ပွဲ ရလဒ်က မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပိုမို ရှုပ်ထွေးဖွယ်ရာပဲ ရှိတယ်။ ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုက အများကြီး ပြိုကွဲသွားပါတယ်။ ဒါကြောင့်မို့ အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ အချိန်မှာ ပြည်သူလူထုက သူတို့ရဲ့ ယုံကြည်မှုကို ပြသနေတာ။ ယုံကြည်မှုက ပျက်သွားတယ်။

“နောက် တပ်မတော်သမိုင်းမှာ စစ်တပ်ကနေ ပါတီတခုထောင်ပြီး ပါတီနိုင်ရေး နည်းလမ်းအမျိုးမျိုး ကျင့်သုံးသွားတယ်ဆိုတာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ပထမဆုံးနဲ့ အလွန်ဆိုးရွားတဲ့ အမှားအယွင်း တခုပါပဲ။ ဒီအမှားကို ပြန်မပြင်နိုင်ဘူးဆိုရင် ကျနော်တို့ ရှေ့ဆက် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လုပ်ငန်းစဉ်တွေမှာ တော်တော် အခက်အခဲ တွေ့နိုင်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲပေးသူရာခိုင်နှုန်း၊ ရွေးကောက်ခံရသူ စာရင်းတွေ ထုတ်ပြန်ရာမှာ တချို့ဒေသတွေက ၁၀၀% အထက် မဲပေးကြောင်းနဲ့ ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်တွေမှာလည်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း အနိုင်ရတယ်လို့ ထုတ်ပြန်ခဲ့ပြီးမှ အမှားပြင်ဆင်ချက်တွေနဲ့ ပြင်ဆင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ကိုခင်မောင်ရွှေကတော့ အခုရလဒ်က မျှော်လင့်ထားတဲ့ အတိုင်းလို့ ဆိုပါတယ်။

“အဲလိုပုံစံပဲ အကုန်လုံးက မျှော်လင့်ထားတယ်။ သူတို့ ၇၀-၈၀% လောက်ထိ ကြေညာမယ်၊ ယူထားမယ် ဆိုတဲ့ဟာမျိုးက မျှော်လင့်ထားတဲ့ အတိုင်းအတာပါပဲ။”

လွှတ်တော် ၃ ရပ်အတွက် ရွေးချယ်ခံထားရတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ပေါင်းရင် လွှတ်တော်အသီးသီးမှာ ၈၂% ခန့် လွှမ်းမိုးထားနိုင်မှာ ဖြစ်ပါတယ်။ အလားတူပဲ ၁၉၉၀ ခု ရွေးကောက်ပွဲမှာလည်း NLD ဟာ ကိုယ်စားလှယ်လောင်း ၈၂% ခန့် အနိုင်ရခဲ့ပါတယ်။