ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့သလို နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပြီးနောက် ချက်သမ္မတနိုင်ငံ ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီကလည်း မြန်မာစစ်အစိုးရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ရှုတ်ချလိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီ အရေးအတွက် ချက်သမ္မတနိုင်ငံ ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီက တလတကြိမ်သာ ပုံမှန်ကျင်းပတဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီကြေညာချက်ပါ အဓိက အချက်တွေကတော့ မြန်မာစစ်အစိုးရ အနေနဲ့ အတိုက်အခံနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စတင်ဖို့ တောင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာကို ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ စစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာလည်း လွတ်လပ်မျှတမှု မရှိတာကြောင့် တရားမဝင်ဘူးလို့လည်း ရှုတ်ချထားပါတယ်။
အခု ဒီကြေညာချက်အပေါ် ဥရောပက အကြီးဆုံး အစိုးရမဟုတ်တဲ့ NGO ပရဟိတ အဖွဲ့တွေထဲက တခုဖြစ်တဲ့ ချက်သမ္မတနိုင်ငံ အခြေစိုက် People In Need အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က မြန်မာနိုင်ငံကို ကူညီနေတဲ့ လုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲသူ တဦးဖြစ်တဲ့ ခရစ်စ်တီနာ ပရူနာရိုဗာ (Kristina Prunerova) က…
“ဒီကြေညာချက်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ချက်သမ္မတ အစိုးရတွင်း တရားဝင် ကော်မတီ တရပ်ကနေ တရားဝင် ထုတ်ပြန်တာကြောင့် ဖြစ်ပါတယ်။ နိုင်ငံငယ်လေး တခုကနေ ထုတ်ပြန်တယ် ဆိုပေမဲ့ ဒီကြေညာချက်ဟာ ပေါ့ပေါ့လျော့လျော့ မဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်ထားတာ ဖြစ်ပါတယ်။ ချက်ပါလီမန်ဟာ ပါလီမန်ရဲ့ နိုင်ငံခြားရေး ကော်မတီရဲ့ သဘောထားအတိုင်း ရပ်တည်လေ့ ရှိတာမို့ ပါလီမန်တရပ်လုံး အနေနဲ့လည်း ကြေညာချက် ထုတ်ပြန်မယ်ဆိုရင် ဒီသဘောထားအတိုင်းပဲ ရှိမှာပါ။” လို့ ပြောသွားပါတယ်။
ချက်သမ္မတနိုင်ငံ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ ထင်ပါသလဲဆိုတဲ့ မေးခွန်းကို မစ်စ် ပရူနာရိုဗာက အခုလို ပြောပါတယ်။
“ချက်သမ္မတနိုင်ငံ အစိုးရ အနေနဲ့ ဖိအားပေးမှုတွေ ဆက်လုပ်သွားမယ်လို့ ယုံကြည်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ အကျဉ်းကျနေဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိကကျတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့၊ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကမကထပြုတဲ့ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ဆက်ပြီး ဖိအားပေးသွားမယ်လို့ ထင်ပါတယ်။”
ချက်သမ္မတနိုင်ငံဟာ နိုင်ငံငယ်လေး တနိုင်ငံ ဖြစ်ပေမဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် ပံ့ပိုး ထောက်ခံလာတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
People In Need အဖွဲ့အစည်းကတော့ ၁၉၈၉ ခုနှစ်က ချက်ကိုစလို ဗက်ကီးယား နိုင်ငံမှာ အာဏာရှင် အစိုးရကို တွန်းလှန်နိုင်ခဲ့တဲ့ အကြမ်းမဖက်တဲ့ ကတ္တီပါ တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြားခေါင်းဆောင်တွေက စတင် ထူထောင်ခဲ့တဲ့ အစိုးရမဟုတ်တဲ့၊ နိုင်ငံရေးမလုပ်တဲ့ ပရဟိတအဖွဲ့တခု ဖြစ်ပါတယ်။ သူတို့ စတင် ထူထောင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ ခုချိန်အထိအတွင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံကို လူမှုရေး အကူအညီတွေ ပေးလာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး People In Need အဖွဲ့က အဓိကအားဖြင့် ကဏ္ဍနှစ်ခုမှာ ကူညီနေတာ ဖြစ်ပါတယ်။ တခုကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကဏ္ဍ ဖြစ်ပါတယ်။ အဲဒီအောက်မှာ မြန်မာပြည်တွင်း ပြည်ပက ဒီမိုကရေစီအဖွဲ့တွေနဲ့ တခြား လူထုအခြေပြု အဖွဲ့အစည်းတွေ လုပ်ကိုင်နိုင်စွမ်းအား မြှင့်တင်ရေး အပါအဝင် တခြား အကူအညီတွေကို ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပတလွှားမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အသိပေး နှိုးဆော်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။
နောက်ကဏ္ဍ တခုကတော့ ရုပ်ဝတ္ထုပစ္စည်း အကူအညီပေးရေး ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်း၊ မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ အကူအညီတွေ ပေးနေတာလည်း ဖြစ်ပါတယ်။