ကြံ့ဖွံ့ပါတီ အနိုင်ရ ကြိုတင်ကြေညာမှု ပြိုင်ဘက်ပါတီများ လက်မခံ

ကြံ့ဖွံ့ပါတီ အနိုင်ရ ကြိုတင်ကြေညာမှု ပြိုင်ဘက်ပါတီများ လက်မခံ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရတယ်ဆိုတာ လူထုရဲ့ တကယ့်ထောက်ခံမဲ မဟုတ်ဘဲ ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်ပြီး မသမာတဲ့ လုပ်ရပ်တွေကြောင့် အနိုင်ရခဲ့တာလို့ ပြိုင်ဘက် အခြား နိုင်ငံရေးပါတီတွေက ပြောပါတယ်။ လတ်တလောအားဖြင့် မဲတွေ အငြင်းပွားနေတဲ့ အချိန်အတွင်း ၈၀% အနိုင်ရထားပြီလို့ ကြံ့ခိုင်ရေးပါတီက ကြေညာခဲ့တာဟာ အမှန်တကယ်ရလဒ် မဟုတ်ဘူးလို့ ငြင်းဆန်ကြတာပါ။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကြံ့ခိုင်ရေးပါတီ အနေနဲ့ အခု ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၀% ကို အနိုင်ရခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ အမည်မဖော်တဲ့ တာဝန်ရှိသူ တဦးကို ကိုးကားပြီး AFP သတင်းတရပ်မှာ ရေးသားထားပါတယ်။ အစိုးရ မီဒီယာတွေမှာတော့ ရွေးကောက်ပွဲရလဒ် အချို့ကိုပဲ ပြည်ထောင်စု ကော်မရှင်က ကြေညာနိုင်ပါသေးတယ်။ တချိန်တည်းမှာပဲ မဲအငြင်းပွားမှုတွေ ရှိနေတာကြောင့် နိုင်ငံရေးပါတီ အတော်များများက ကော်မရှင်ကို မဲမသမာမှုတွေ ရှိတယ်ဆိုပြီး တိုင်ကြားနေကြပါတယ်။ အထူးသဖြင့် နောက်ဆုံးအချိန်ကျမှ ကပ်ရောက်လာတဲ့ ကြိုတင်မဲတွေ ကိစ္စပါ။

ဒီလို အငြင်းပွားနေတဲ့ အချိန်မှာ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရပြီ ဆိုတာမျိုး မကြေညာနိုင်သေးဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ပြောပါတယ်။

“အခုဟာ ရန်ကုန်တိုင်း ဒေသကြီးတောင်မှ မကြေညာနိုင်သေးဘူးလေ။ ဘာမှ အတိအကျ မထွက်သေးဘူး။ တချို့ Constituency တွေမှာ အနိုင်အရှုံးတွေက အမျိုးမျိုး ဖြစ်နေတာကိုး။”

အတိအကျ မထုတ်ပြန်နိုင်သေးဘူးဆိုတာ ဘယ်လိုဖြစ်လို့လဲခင်ဗျ။

“အနိုင်အရှုံးတွေက အခုတမျိုး၊ တော်ကြာတမျိုး ဖြစ်နေတယ်။ ဥပမာ တောင်ဥက္ကလာ တိုင်းဒေသကြီးမှာ ဒေါက်တာစောနိုင်ရဲ့ မဲစာရင်းက ည ၂ နာရီလောက်မှာ ဒေါက်တာစောနိုင်က ၆၄၀ လောက်နဲ့ နိုင်တယ်တဲ့။ ဒါပေမဲ့ မနက်ကျတော့ သူက ၁၄၀ လောက်နဲ့ ကပ်ရှုံးသွားတယ်။ ပြန်ပြီးတော့ ခရိုင်ကော်မရှင်ကို Complaint တက်ပြီး ပြန်ရေတွက်ခိုင်းတဲ့ အခါကြတော့ ၆ မဲနဲ့ ကြံ့ခိုင်ရေးကို နိုင်သွားတယ်လို့ ပြောပြီးတော့ အဲဒါ ထုတ်ပြန်တယ်တဲ့။”

ဒီမိုကရက်တစ် နိုင်ငံရေးပါတီတွေထဲမှာ ခမောက်တံဆိပ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဟာ နေရာအတော်များများ မဲရုံတွေမှာ ပုံမှန်မဲတွေနဲ့ အသာစီး ရခဲ့ပေမဲ့ နောက်ပိုင်း ရောက်လာတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် တကယ့်လက်တွေ့ အခြေအနေမှာ လူထုဟာ ဒီမိုကရေစီ အင်အားစုတွေကို အပြည့် ထောက်ခံခဲ့ကြတယ်လို့ NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“ပြည်သူလူထုပေးတဲ့ မဲမှာတော့ ကျနော်တို့ နိုင်တယ်ဆိုတာ ထင်ရှားတယ်ဆိုတာ ဒီလောက်တော့ ကျနော် ပြောချင်ပါတယ်။”

တချို့နေရာတွေမှာ မဲမသမာမှုတွေ ရှိတဲ့အတွက် ကော်မရှင်ကိုလည်း အန်ကယ်တို့ တိုင်ကြားဖို့ ပြင်တယ်လို့ ကြားပါတယ်။ အဲဒီတော့ မဲတွေ ဘာတွေ ပြန်ရေတွက်ဖို့ အခြေအနေရှိလား၊ တချို့နေရာတွေမှာ။

“ကျနော်တို့ကတော့ တင်မှာပဲလေ။ အချက်အလက်နဲ့တကွ ဘယ်နေရာမှာ ဘာတွေဖြစ်တယ် ဆိုတာကို၊ အမှန်ကတော့ ပြောကြကြေးဆိုရင် ဒါတွေ အကုန်လုံးကို ပြန်စိစစ်ပြီး လုပ်ပေးရမှာပဲဗျ။ တကယ်တမ်း ပြင်ဆင်ပေးဖို့ ဆန္ဒရှိတယ်၊ အမှန်အတိုင်းဖြစ်အောင် ဆန္ဒရှိတယ် ဆိုရင်တော့ ဒါတွေ အကုန်လုံး လုပ်ပေးရမှာပဲ။”

မဲရုံ အတော်များများမှာ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်က မဲမသမာမှုတွေနဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော်အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

“အမှန်ကတော့ သူတို့က ၈၀% မဟုတ်ပါဘူး၊ ၁၀၀% လောက်အထိ နိုင်ဖို့လည်း သူတို့ လုပ်နိုင်ပါတယ်။ နိုင်အောင်လည်း သူတို့ လုပ်သွားတာပဲ။ ၈၀% ဆိုတာကတော့ မကောင်းတတ်လို့ လူကြားကောင်းအောင်၊ နိုင်ငံတကာက ကြားကောင်းအောင်လို့ ၈၀% လောက်ကိုပဲ သူတို့က လုပ်သွားတာပါ။ ဒီရွေးကောက်ပွဲကြီးက တဖက်သတ် သူတို့ရဲ့ စီမံထားတဲ့ ပုံစံတွေနဲ့ စနစ်တကျ အနိုင်ရအောင် လုပ်ထားတဲ့ ရွေးကောက်ပွဲကြီးလေ။”

ဒါပေမဲ့ အခု မကြာခင်က ကြံ့ခိုင်ရေးက ပြောရေးဆိုခွင့်ရှိသူ တယောက်နဲ့ မေးမြန်းခန်း ရပါတယ်။ အဲဒီမှာ သူတို့ ပြောတာကတော့ ဒါက ကော်မရှင်က ဆုံးဖြတ်တာပဲ၊ ကော်မရှင်က လုပ်တာပဲ၊ သူတို့ ဘာမှမဆိုင်ဘူး၊ ကော်မရှင်ပေါ်မှာ မူတည်တယ် ဆိုပြီးတော့ ပြောနေပါတယ်။

“ကော်မရှင်က လုပ်တာတွေကတော့ မျှတတာတွေကို မရှိဘူး။ ဥပမာ ဘယ်လိုအချက်အလက်တွေ ရှိလဲဆိုတော့ မဲရုံတွေကို ကျနော် ရောက်သွားတယ်။ မဲဆန္ဒပေးသူ ဦးရေ၊ ကြိုတင်မဲဦးရေ ဘယ်လောက်ရှိတယ် ဆိုတာ ကျနော်တို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သိခွင့်ရှိတယ်။ သက်ဆိုင်ရာ မဲရုံမှူးတွေကို ကျနော်တို့ မေးတယ်။ သက်ဆိုင်ရာ မဲရုံမှူးတွေက သူတို့ကို ကော်မရှင်က မပြောပြရဘူးဆိုပြီး မှာကြားထားပါတယ်တဲ့။ ဒါကြောင့် သူတို့အနေနဲ့ ပြောပြခွင့် မရှိပါဘူးဆိုပြီး သူတို့က အဲဒီလို ဖြေတယ်။”

မဲအငြင်းပွားတဲ့ မြို့နယ်အချို့မှာတော့ ရလဒ်ကို ပြည်ထောင်စု ကော်မရှင်က ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခု ရွေးကောက်ပွဲအတွင်း ကြိုတင်မဲ ကိစ္စတွေနဲ့ မဲရုံမှူးတွေကိုယ်တိုင် ကြံ့ခိုင်ရေးပါတီဘက်က မဲဆွယ်တာ၊ မဲရေတွက်ရာမှာ မမှန်မကန်တွေအပေါ် ကော်မရှင် တာဝန်ရှိသူတွေဘက်က မသိကျိုးကျွန် ပြုနေတာတွေကြောင့် နိုင်ငံရေးပါတီ အတော်များများကတော့ ကော်မရှင်အပေါ်မှာ အယုံအကြည် မဲ့နေတယ်လို့ ပြောရမှာပါ။