ကန့်သတ်မှုတွေကြောင့် စစ်ဒဏ်သင့် ဒေသတွေမှာ စက်သုံးဆီရှားပါး

ရန်ကုန်စက်သုံးဆီအရောင်းဆိုင် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် စက်သုံးဆီရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မှောင်ခို ဈေးကွက်မှာ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေရသလို တချို့နေရာတွေမှာ စက်သုံးဆီ ပြတ်လပ်တဲ့အထိ ကြုံနေရတယ်လို့လည်း ပြောပါတယ်။ စစ်ဒဏ်သင့်ဒေသတွေက စက်သုံးဆီရှားပါးမှုအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတဲ့နေရာဒေသတွေမှာ အပြန်အလှန် ကုန်စည်သယ်ယူခွင့်ကန့်သတ်ထားတာတွေကြောင့် ကုန်ပစ္စည်းတချို့နဲ့ စက်သုံးဆီပြတ်လပ်တာတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုင်းရယ်-လားရှိုးလမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီဘက်က ပိတ်ဆို့ခဲ့ပြီး တောင်ကြီး-မိုင်းကိုင်-လားရှိုးလမ်းကိုပါ ထပ်ပြီးပိတ်လိုက်ပါတယ်။

ဒီလိုအခြေအနေမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မြန်မာဘက်ကို စက်သုံးဆီမတင်ပို့ဖို့ တရုတ်ဘက်ကလည်း တင်းတင်းကျပ်ကျပ် ကန့်ကွက်ထားပါတယ်။ ဒါကြောင့် မှောင်ခိုရနေတဲ့ စက်သုံးဆီတမျိုးကိုပဲ ဈေးကြီးပေးပြီးဝယ်သုံးနေရတယ်လို့ မူဆယ်ဒေသ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အခုဒီရက်ထဲမှာ များသောအားဖြင့် ဝယ်လို့ရနေတဲ့ဈေးကတော့ ၁၉၀,၀၀၀ (ကျပ်)ပေါ့နော်၊ လီတာ ၂၀ ဆိုတော့။ (တလီတာကို) ၈,၅၀၀၊ ၉,၀၀၀ လောက်တော့ရှိမှာပေါ့။ မှောင်ခို ဘယ်ကဝင်လဲတော့ မသိပါဘူး။ အောက်ကလာတဲ့ဆီလားဘာလားတော့မသိဘူး။ တရုတ်ဆီလည်း ဝင်တော့ဝင်တယ်၊ မှောင်ခိုဝင်တာပေါ့နော်။ ဘယ်လိုဝင်လဲတော့ မသိဘူး။ အဲဒါမျိုးပုံးတွေနဲ့ လာရောင်းတာတော့ရှိတယ်။ လီတာ ၂၀ ပုံးကို ၂ သိန်းရောင်းတယ်။ ၁၉၀,၀၀၀ ရောင်းတယ်။ ၁၈၀,၀၀၀ရောင်းတယ်။ အဲလိုမျိုးပေါ့။"

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့နဲ့ တော်လှန်ရေးတပ်တွေ ဝန်းရံ ထားတဲ့ တရုတ်နယ်စပ်က မူဆယ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှန်သမျှကို စစ်ကောင်စီဘက်က အခုရက်ပိုင်းထဲ ဖြတ်တောက်ပိတ်ဆို့တာတွေ လုပ်နေတာပါ။ တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစု အားကောင်းတဲ့ နေရာအများစုမှာ အခုလိုစက်သုံးဆီပြတ်လပ်တာမျိုးက ရှိနေတယ်လို့ မြန်မာပြည်အနှံ့ ခရီးသည်ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ရှမ်းဘက်တို့၊ စစ်ကိုင်းဘက်တို့ကျတော့ နယ်မြေမအေးချမ်းတဲ့ အပေါ်မှာ ဟိုဘက်ဒီဘက် အဖွဲ့အစည်းတွေက ဟိုလိုပိတ်၊ ဒီလိုပိတ်တွေ ပိတ်တဲ့အခါကျတော့ အဲဒီမှာ ဆီရောက်ဖို့က မလွယ်ဘူး ဖြစ်လို့ပါ။ ကျနော်တို့ သိရသလောက်တော့လမ်းပိတ်လို့ဖြစ်တာ။ နိုင်ငံရေးကြောင့် လမ်းပိတ်လို့ ဖြစ်တာ။ ဆီဈေးက တနိုင်ငံလုံး ဖြစ်တာမဟုတ်ဘူးလေ။ အခုဟာက မအေးချမ်းတဲ့ဒေသတွေမှာ ဖြစ်နေတာ။ တချို့ဒေသတွေက မအေးချမ်းသော်ငြားလည်း ပုံမှန်သွားလာလို့ ရနေသေးတယ်ဆိုရင် ဘာမှပြဿနာ မရှိသေးဘူး။ အခုဟာက အဲလိုပုံမှန်သွားလာခွင့် မရှိဘဲနဲ့ အပိတ်အဆို့ အရမ်းများတဲ့ ဒေသတွေမှာ ဒီပြဿနာက တက်နေတာ။"

ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာတော့ ပုံမှန်အတိုင်း စက်သုံးဆီဝယ်ယူနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

"ရန်ကုန်ကနေ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ အဲဒီဘက်အခြမ်းမှာတော့ စက်သုံးဆီက အရင်လိုတော့ မကျပ်ဘူး။ ဝယ်လို့တော့ အဆင်ပြေတယ်။ ဘယ်ဆိုင်ပဲဝင်ထည့်ထည့် ထည့်လို့ ရနေတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ အခု ကရင်ပြည်နယ်၊ မွန်ပြည်နယ်ပေါ့နော်။ အဲဒါတွေကတော့ အခုလောလောဆယ်မှာ ငြိမ်နေတယ်။"

ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့ကို စက်သုံးဆီခွဲတမ်း မပေးတော့ဘူးဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဒေသတွင်း စက်သုံးဆီ အလုအယက်ဝယ်ယူ စုဆောင်းတာနဲ့ ဈေးနှုန်းတက်လာတာတွေလည်း ဖြစ်ခဲ့ပါတယ်။ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဘက် ကတော့ လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ မြို့နယ်အလိုက် ဆီခွဲတမ်းလျှော့တယ်ဆိုတာ မဟုတ်ဘဲ ဆီဆိုင်တွေအလိုက် စက်သုံးဆီအသင်းတွေကပဲ တွက်ချက်ဖြန့်ဖြူးတာလို့ ကော်မတီတာဝန်ခံက ဗွီအိုအေကို ပြောထားပါတယ်။ စက်သုံးဆီဖြတ်တောက်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နေရာဒေသတွေမှာတော့စက်သုံးဆီဝယ်ယူနိုင်ရေးက ပုံမှန်အခြေအနေမှာ ရှိမနေဘူးလို့ ဒေသခံတွေကတော့ ပြောနေကြပါတယ်။

Your browser doesn’t support HTML5

ကန့်သတ်မှုတွေကြောင့် စစ်ဒဏ်သင့် ဒေသတွေမှာ စက်သုံးဆီရှားပါး