ရေသတ္တဝါ ထိန်းသိမ်းရေး မြန်မာစီစဉ်

မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင်း ကမ်းခြေမှာ ငါးဖမ်းနေကြစဉ်။

အမျိုးအစားစုံလင်လှတဲ့ မြန်မာ့ရေသတ္တဝါတွေ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အစီအစဉ်သစ်ကို မြန်မာအစိုးရနဲ့ WSC တောရိုင်း သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တို့က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပတဲ့ ကမ္ဘာ့သမုဒ္ဒရာဆိုင်ရာ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ပင်လယ်သမုဒ္ဒရာ ဆိုင်ရာ စီးပွါးရေး ရေရှည်တည်တံ့ စေဖို့ မဟာဗျူဟာ အကြံပြုချက်တွေပါတဲ့ “Marine Spatial Planning for Myanmar: Strategic Advice for Securing a Sustainable Ocean Economy” ထိမ်းသိမ်းရေး အစီအစဉ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို မြန်မာ့ရေလုပ်ငန်း၊ သဘာဝသယံဇာတနဲ့ သဘာဝဝန်းကျင် ဝန်ကြီးဌာနတို့က အမေရိကန် အခြေစိုက် WCS ၊ ဗြိတိန်အခြေစိုက် Exeter တက္ကသိုလ်နဲ့ ပျိုးပင် ဒေသတွင်းအဖွဲ့တို့ရဲ့ အကူအညီတွေနဲ့ ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ထဲမှာ ရှားပါးမျိုးစိတ်တွေ ဖြစ်တဲ့ လပိုင်တွေ၊ ပင်လယ်လိပ်တွေ အပါအဝင် မြန်မာ့ရေပြင်မှာ ကျက်စားတဲ့ အမျိုးအစား စုံလင်လှတဲ့ သတ္တဝါ မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပါဝင်ပါတယ်။

မြန်မာ့ သမုဒ္ဒရာပြင်ဟာ စတုရန်း ကီလိုမီတာ ၅ သိန်းနီးပါးရှိပြီး ရှားပါးရေသတ္တဝါတွေ ကျင်လည် ကျက်စားနေပေမယ့် သမုဒ္ဒရာပိုင်နက်ထဲက နေရာအတော်များများ အတွက်တော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ အကာကွယ်တွေ ကောင်းကောင်း မပေးနိုင်သေးပါဘူး။ ငါးလုပ်ငန်းနဲ့ အသက်မွေးပြီး ဒီမြန်မာ့ရေပြင်ကို မှီခိုနေရသူပေါင်းက တသန်းခွဲလောက် ရှိမယ်လို့ WSC က ခန့်မှန်းထားပါတယ်။

အခု အစီအစဉ်ကနေ ဒေသခံတွေအတွက် မြန်မာ့ရေပြင်ဘယ်လို အသုံးချသင့်တယ် ဆိုတာနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတာ တွေကို နားလည်လာနိုင်မှာ ဖြစ်သလို အနာဂါတ်မှာ ပင်လယ်သမုဒ္ဒရာနဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေးဆိုင်ရာ ရေရှည်အကျိုးရှိစေဖို့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာကိုလည်း သိလာနိုင်မှာဖြစ်တယ်လို့ WCS အဖွဲ့ရဲ့ မြန်မာ့ရေပြင်ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်က အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

Your browser doesn’t support HTML5

ရေသတ္တဝါ ထိန်းသိမ်းရေး မြန်မာစီစဉ်