သမ္မတတာဝန်ယူဖူးသူတွေအတွက် လုံခြုံရေး ဥပဒေကြမ်း

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း။

မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲတွေ လုပ်ဆောင်တော့မယ့် အချိန်မှာပဲ သမ္မတ တဦးရဲ့ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အရေးယူတာမျိုး မလုပ်ဖို့ လုံခြုံရေးဆိုင်ရာ ဥပဒေတရပ် ရေးဆွဲဖို့ စီစဉ်နေပါတယ်။ အများပြည်သူ လေ့လာ အကြံပြုနိုင်ဖို့ဆိုပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလိုက်တဲ့ ဥပဒေကြမ်းအပေါ် ဥပဒေပညာရှင်တချို့ ကတော့ ထောက်ပြဝေဖန်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်ကို အာဏာလွဲှပြောင်းပေးပြီးနောက် သမ္မတဟောင်း တဦးဖြစ်လာတဲ့အခါ တာဝန်ယူခဲ့စဉ် သက်တမ်းအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အရေးယူတာ တရားစွဲဆိုတာ မရှိစေဖို့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းဆိုပြီး နိုင်ငံပိုင်းသတင်းစာတွေမှာဖော်ပြခဲ့တာပါ။ ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကတော့ အခုလိုပြောဆိုပါတယ်။

“ဒီဟာက ဥပဒေတရပ်ဖြစ်သွားပြီဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ တင်မြှောက် ထားတဲ့ ပေါ်ပေါက်လာတဲ့ သမ္မတ မှန်သရွေ့ကတော့ အကုန် အဲဒီဥပဒေရဲ့ အခွင့်အရေး ရဲ့ အကာအကွယ် ရသွားမှာပဲ ။ ဒီသမ္မတအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ တာဝန်အရဆောင်ရွက်ချက်များ ကို အကြောင်းပြုပြီးတော့ တရားစွဲဆိုခြင်းနဲ့ အရေးယူခြင်းမပြုရ ဆိုပြီးတော့ ပြော ထားတယ် ။ အဲဒီမှာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အများပြည်သူကို ထိခိုက်စေတဲ့ပြဿနာမျိုးပေါ်ပေါက်လာရင် ထိခိုက်ခံရတဲ့သူတွေရဲ့ နစ်နာမှုကို ဖြေရှင်းပေးတဲ့ ဥပဒေက မရှိတော့ဘူးလား။ အဲဒီမှာ နိုင်ငံသား နဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ ရှိတာပဲ။ ကျူးလွန်မှုဆိုတာက သဘောရိုးနဲ့ဆောင်ရွက်မှုလဲဖြစ်ရမယ်။

အများပြည်သူကို မထိခိုက်ဘူးဆိုရင်တော့ ဒီဥပဒေရဲ့အကာအကွယ်ကိုတော့ သူ ရကောင်းရနိုင်တယ်ပေါ့နော်။ သို့သော်လည်း အများပြည်သူကို ထိခိုက်နိုင်တဲ့ ဆောင်ရွက်မှုမျိုး ရှိခဲ့ရင်တော့ နိုင်ငံသားနဲ့ နိုင်ငံသား အခွင့်အရေး တရပ်အနေနဲ့ဟာက ဖွဲ့စည်းပုံမှာပါတဲ့ ဥပဒေအရ ဒီဟာကို ကျော်လွှားတယ် လို့ပြောလို့ရသွားပြီ်။”

၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရင်စစ်ခေါင်းဆောင်ဟောင်းကို အရေးမယူဖို့ အတွက် အကာအကွယ် ယူထားဘူးတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

နိုင်ငံတော်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေဟာ တာဝန် ထမ်းဆောင်စဉ် ကျူးလွန်ခဲ့တဲ့ပြစ်မူတွေကို တစုံတရာအရေးယူခြင်းမလုပ်ရ ဆိုတာမျိုးကိုတော့ မြန်မာနိုင်ငံရဲ့ပြစ်မူဆိုင်ရာ ကျင့်ထုံး ဥပဒေမှာ ပါဝင်ထားပြီဖြစ်တဲ့ အတွက် ဒီဥပဒေကို သီးသန့် ထပ်ထုတ်စရာမလိုဘူးလို့ ယူဆကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကဆိုပါတယ်။ ဒါပေမဲ့ ဥပဒေကြမ်းမှာ မရှင်းလင်းချက်တွေလည်း ရှိနေတယ်လို့ပြောပြပါတယ်။

“လုံခြုံရေးနဲ့ပတ်သက်လို့ပေါ့ ။ အဲဒါလည်း ကျနော်တို့က ပြောစရာရှိတယ်။ ကိုယ်ရံတော်တဦးကို သမ္မတက အမည်စာရင်း တင်သွင်းရင် ခန့်ရမယ်လို့ပြောတယ်။ နောက်ပုဒ်မတခုမှာကျတော့ ကိုယ်ရံတော်အဖွဲ့လို့ ဆိုပြန်တယ်။အဲတော့ ကိုယ်ရံတော်တဦးကနေပြီးတော့ ကျန်တဲ့ လုံခြုံရေး အစိုးရအဖွဲ့ကို စီမံကွပ်ကဲသွားမှာလား၊ စစ်တပ်က အဖွဲ့ကို စီမံကွပ်ကဲသွားမှာလား အဲဒါကို ရှင်းရှင်းလင်းလင်းရေးထားတာ ကျနော်တို့မတွေ့ရဘူး။ အဲတော့ စစ်တပ်ကိုလည်း အကူအညီတောင်းရင်တောင်းနိုင်တယ်။ ရဲတပ်ဖွဲ့လည်း အကူအညီတောင်းရင် တောင်းနိုင်တယ်လို့ ရေးထားတာကိုတွေ့ရတယ်။

အဲတော့ ဒီနိုင်ငံတော်သမ္မတတွေ၊ သမ္မတဟောင်းတွေ ပြည်ပခရီးသွားတယ်ဆိုရင် လုံခြုံရေး အရထည့်ပေးလိုက်တဲ့ ကိစ္စရပ်တွေရှိတယ်။ အခုအချိန်အထိလည်း တချို့နိုင်ငံတွေမှာ ဒီလိုပဲ လုပ်နေကြတာပါ။ ထွေထွေထူးထူးကြီးတော့ ခံစားခွင့်ရယ်လို့ သီးသန့်ပေးပြီးတော့ အဲဒီလိုမျိုးတော့မရှိပါဘူး။ အသက်အန္တရာယ် ဆံုံးရူံးမှာစိုးတယ် ဆိုရင် အသက်အာမခံထားလိုက်ပေါ့။”

ဒီဥပဒေကြမ်းကို လက်ရှိအစိုးရ လက်ထက်မှာ ပြဌာန်းခဲ့ရင်တောင် မှ နောက် တက်လာမယ့် အစိုးရတွေလက်ထက်မှာ ဒီဥပဒေကို ပယ်ဖျက်နိုင်တာမျိုး လုပ်နိုင်တာတွေရှိသလို သမ္မတဟောင်းတွေအနေနဲ့ သူတို့တာဝန်ယူတဲ့ သက်တမ်း အတွင်းမှာ အမှားအယွင်းတွေ ရှိနိုင်တဲ့အတွက် အကာကွယ်ယူ တာမျိုးတွေ လည်းဖြစ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကိုတော့ မကြာခင်ကုန်ဆုံးတော့မယ့် အစိုးရ သက်တမ်း ကာလအတွင်းမှာ အတည်ပြုနိုင်ဖို့အတွက် ကြိုးစားလိမ့်မယ်လို့တော့ ဥပဒေပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

မကြာခင်မှာ အတိုက်အခံပါတီက အစိုးရသစ်ဖွဲ့စည်းတော့မယ့်အချိန်မှာပဲ အခုလို သမ္မတဟောင်း အတွက် လုံခြုံရေးဆိုင်ရာ အကာကွယ်ပေးနိုင်ဖို့နဲ့နောက်ကြောင်းပြန် အရေးယူတာတွေ မလုပ်နိုင်ဖို့အတွက်နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာတာဖြစ်ပါတယ်။