ရေကြီးတာနဲ့ ကူးစက်ရောဂါ သတိပြုစရာ

  • ဝင်းမင်း

ကလောမြို့မှာရေကြီးမြေပြိုပြီးနောက် ရွှံ့နွံတွေရှင်းလင်းနေရ (စက်တင်ဘာ ၂၆၊ ၂၀၂၄)

မြန်မာနိုင်ငံတွင်းမှာ မိုးကြီးရေကြီးတာတွေ ပြင်းပြင်းထန်ထန် ဖြစ်နေချိန်၊ ကူးစက်ရောဂါတွေဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ရေကြီးလာချိန်မှာ အိမ်တွေ၊ စားသောက်စရာတွေ ပျက်ဆီးပြတ်လတ်ပြီး၊ ပြောင်းရွှေ့ကာ စုနေရတာကြောင့် ကူးစက်ရောဂါဖြစ်ဖို့ အန္တရာယ်များသွားတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပြင်၊ အမေရိကန်နိုင်ငံက အတွေ့အကြုံတွေအရလည်း ကူးစက်ရောဂါ (Outbreak) တွေကို သတိပြုကြဖို့ ပြောထားပါတယ်။ အရင်တုန်းက အိမ်တွေမှာ ကိုယ့်ဟာကိုယ် ရေကျိုချက်၊ ရေသန့်ဝယ်၊ ချက်ပြုတ်စားသောက်၊ အညစ်အကြေး စွန့်တာကနေ၊ ရေဘေးရှောင်စခန်းမျိုးတွေမှာ လူစုလူဝေးနဲ့ စားသောက်နေထိုင်ရတာကြောင့် သန့်ရှင်းနိုင်မှု အားနည်းသွားနိုင်ပြီး၊ ရောဂါပိုးဝင်ကာ အနီးအနားရှိ လူအများကို ကူးဆက်လွယ်လို့ ဖြစ်ရတာပါ။

အခုလို သန့်ရှင်းနိုင်မှု အားနည်းတာကတော့ သောက်ရေ၊ သုံးရေကနေ၊ အစားအစာနဲ့ ဒီအစာပြင်ဆင်တာ၊ အညစ်အကြေးစွန့်တာအထိ ပါဝင်ပါတယ်။ အကြောင်းက အရင်တုန်းက အိမ်မှာ ရေနွေးကျိုသောက် (သို့) သောက်ရေသန့် ဝယ်သောက်နိုင်ခဲ့ပေမဲ့၊ ရေဘေးရှောင် ယာယီခိုလှုံနေချိန်မှာတော့ အများပေးဝေတဲ့‌ ရေကိုသာ မျှဝေသောက်ရလို့ပါ။ အစားအစာ ပြင်ဆင်တဲ့အခါမှာလည်း အများအတွက် အသီးအရွက် သားငါတွေကို ဆေးကြောဖို့ ရေသန့်မလုံလောက်တာ၊ ချက်ပြုတ်ရာမှာ မကျက်တကျက်ဖြစ်တာ၊ အသားငါးတွေ မလတ်ဆတ်တော့တာတွေကနေ ရောဂါပိုးဝင်တာ ဖြစ်လာနိုင်ပါတယ်။ အလားတူ လူအများနဲ့ မျှသုံးရတဲ့ ရေချိုးခန်းနဲ့ အိမ်သာ အရေအတွက်အပြင်၊ သုံးရေသန့် ရနိုင်မှုကလည်း အကန့်အသတ်ဖြစ်ကာ တကိုယ်ရည် သန့်ရှင်းနိုင်မှု အားနည်းသွားနိုင်ပါတယ်။ အထူးသဖြင့် အစားအသောက် ပြင်ဆင်သူတွေ တကိုယ်ရည် သန့်ရှင်းမှုနည်းသွားလျှင်လည်း အစားအသောက်ထဲ ပိုးဝင်တာကတဆင့် အများကို ကူးစက်လွယ်သွားပါတယ်။

အခုလို သန့်ရှင်းမူနည်းပြီး ဖြစ်လာတဲ့ ကူးစက်ရောဂါတွေက အဓိက ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါး (Parasite) ပိုးတွေကြောင့် ဖြစ်ရပြီး၊ မစင်မှာ အများစု ပါလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အထက်လှန်အောက်လျှော ရောဂါမျိုးက လူအများကို ကူးစက်မြန်နိုင်ပေမဲ့၊ ခဏသာဖြစ်ပြီး မကြာခင် ပြန်သက်သာသွားတာမို့ ရေဓာတ်ဆားဓာတ်ဖြည့်ပေးလျှင် ပြင်းထန်နိုင်မှု နည်းနိုင်ပါတယ်။ ဒါပေမဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကာလဝမ်းရောဂါ (Cholera) မျိုးကတော့ အသက်အန္တရာယ် ကြီးတာမို့ အထူးစောင့်ကြည့်ကုသရေး ပြင်ထားဖို့လိုပါတယ်။ နောက် ဘက်တီးယား (သို့) ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ (Dysentery) မျိုးအတွက်လည်း ဆေးပေးကုသဖို့ လိုပါတယ်။ ပြည်သူ့ကျန်မာရေး (Public Health) ဦးစီးဌာနကလည်း ဒီရောဂါတွေ ဖြစ်စေတဲ့ရင်းမြစ် (ရေ၊ အစာ၊ လူ) စတာတွေကို ရှာဖွေပြီး ကူးစက်မှု ဆက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် မေးမြန်းတင်ပြထားပါတယ်။