ရေပိုကြီးချိန် အရေပြားနဲ့ တခြားရောဂါ အန္တရာယ် ပိုများလာခြင်း

  • ဝင်းမင်း

ဒီနှစ် မိုးကြီးရေကြီးမှု ပိုပြင်းထန်လာတာကြောင့် အရေပြားရောဂါ၊ တခြား ကူးစက်ရောဂါနဲ့ မကူးစက်ရောဂါတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

မိုးကြီးရေကြီးမှု ပိုဖြစ်လာချိန် အခုလို အန္တရာယ်များလာတာက ညစ်ညမ်းရေ၊ စိုစွတ်မှုနဲ့ ပတ်ဝန်းကျင် မသန့်ရှင်းမှု ပိုဖြစ်လာတာကြောင့်ပါ။ ညစ်ညမ်းရေ ဖြစ်ရတာက ချောင်းရေမြောင်းရေအပြင်၊ ရေဆိုးရေညစ်တွေ၊ စက်ရုံက စွန့်ပစ်တဲ့ ဓာတုပစ္စည်းပါတဲ့ရေတွေ ရောထွက်လာတာကြောင့်ဖြစ်ပြီး၊ ဒီရေဆိုးရေညစ်တွေကို တာရှည် (ရက်ချီ၊ ရက်သတ္တပတ်ချီ) ကြုံတွေရတာပါ။ ဒါ့အပြင် ရေကြီးမှုကြား တချိန်လုံးနေရတာကြောင့် ရေရှည်စိုစွတ်မှုဒဏ်ကိုလည်း ခံရပါတယ်။ တချိန်ထဲမှာ ကျန်ခဲ့တဲ့ နုံးတွေနဲ့ပါရောပြီး ပတ်ဝန်းကျင် မသန့်ရှင်းမှုကြုံရတာကြောင့် အခုလို ရောဂါတွေဖြစ်ဖို့ အန္တရာယ် ပိုများသွားတာပါ။

အရေပြားက ပြင်ပအရာတွေကို ပထမဆုံးထိတွေ့၊ ကာကွယ်ထားတာကြောင့်၊ အခုလို မသန့်တော့ချိန် ကူးစက်ရောဂါတွေ ပိုဝင်လာစေနိုင်ပါတယ်။ ကူးစက်ရောဂါတွေထဲ အိမ်သာရေမှာပါတဲ့ E.coli လို ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါအပြင်၊ အရေပြားရောဂါပိုးဝင်စေတဲ့ Staphylococcus နဲ့ Streptococcus ဘက်တီးရီးယားပိုးတွေကြောင့် မွှေးကျွတ်နာ ဖြစ်တာကနေ အနာ့ပဆုပ် (Carbuncles) အဖြစ်ကျယ်ပြန့် ပိုဆိုးလာပြီး၊ နောက်တဆင့် ခြေထောက်တစ်ခုလုံး ရောင်ရမ်းကာ သွေးဆိပ်တက်အနာ ဖြစ်တဲ့အထိ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။

ဒါ့အပြင် စိုစွတ်နေတာ အဓိကကြောင့် ဘက်တီးရီးယားအပြင်၊ အရေပြား မှိုပိုးဝင်တာ (Fungal Infection) လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရေကြီးစိုစွတ်နေချိန် အဝတ်အစားတွေပါ တချိန်လုံး စိုနေတာကြောင့် ဒီမှိုတွေပေါက်ဖွားဖို့လွယ်ကူစေပြီး၊ သဲဝဲစားတာ၊ ပေါင်နဲ့တင်ပါးလိုမျိုးမှာ ပွေးပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်ချိန်ဖြစ်လေ့မရှိပေမဲ့ ရေကြီးလာချိန် ဘက်တီးရီးယားပိုး (Leptospira) ပါတဲ့ တိရစ္ဆာန်ရဲ့ ဆီးတွေ ရေထဲပါလာကာ စိုစွတ်နေတဲ့ လူ့အရေပြားကို ထိုးဖောက်ဝင်ပြီး Leptospirosis ရောဂါဖြစ်ကာ ဖျားနာတာ၊ အသားဝါတာ၊ အသည်းရောင်တာကနေ ပိုဆိုးလာပြီး ကိုယ်တွင်းအင်္ဂါပျက်တာအထိ ဖြစ်ကာ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

တချိန်ထဲမှာ ကူးစက်မဟုတ်တဲ့ ဓာတ်မတည့် (Allergic) ယားနာတွေလည်း ရေကြီးတာကြောင့် ပိုဖြစ်လာစေနိုင်ပါတယ်။ အဓိကတော့ ရေနဲ့ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်ရတာပါ။ ဒီဓာတ်မတဲ့မှုကြောင့် အရေပြားနီပြီး ရောင်ကာ၊ ယားလို့ကုတ်မိတာကနေ နောက်ထပ် ပိုးဝင်ပြီး အနာတွေ ဆင့်ကဲဆင့်ကဲ ပိုဆိုးလာနိုင်ပါတယ်။ ဒါ့အပြင် နဂိုရှိထားပြီးသား အနာ၊ ဒဏ်ရာတွေလည်း စိုစွတ်မှုများတာကြောင့် နူးအိပြီးပျော့သွားကာ အနာဖတ်ကွာထွက်ပြီး ပုပ်ပွနာမျိုး (Maceration) အဆင့်ထိ ပြင်းထန်လာနိုင်ပါတယ်။ တချိန်ထဲမှာ ရေထဲ သွားလာရတာကြောင့် ထိခိုက်ပွန်းပဲဒဏ်ရာတွေ ဖြစ်လေ့ရှိပြီး နောက်ဆက်တွဲ ပိုးဝင် ရောင်ရမ်း ဆိုးဝါးလာမှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။