တီဘီရောဂါ ထိန်းချုပ်နိုင်ရေး နိုင်ငံတကာကြိုးပမ်းမှုတွေထဲ သင်ခန်းစာယူစရာ နမူနာကောင်းတွေ ရှိလာနေပြီလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။
တီဘီဆိုင်ရာ ဆွေးနွေးပွဲ ဖိုရမ်ကြီးကို မနှစ်က လုပ်ခဲ့ပြီး တီဘီ အဖြစ်များတဲ့ အိန္ဒိယမှာ အတွေ့အကြုံကောင်းတွေ ရှိနေပါပြီ။ အောက်ခြေလူထုထဲဆင်းပြီး တီဘီ ဆေးစစ်ရှာဖွေတာနဲ့ ကုသဖို့ မက်လုံးပေးတာကနေ နိုင်ငံထိပ်ပိုင်းခေါင်းဆောင်အဆင့်ကိုယ်တိုင် ပါဝင်အားပေးတာအထိ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံတွင်း တီဘီ အဖြစ်အများဆုံးပြည်နယ်ဖြစ်တဲ့ နယူးဒေလီမှာ အဓိက ကိုယ်ခံအားနည်းသူတွေ (Key and Vulnerable Population – KVP) ရှိတဲ့ အိမ်ခြေယာမဲ့လို နေရာတွေကို ပစ်မှတ်ထားပြီး နောက်ဆုံးပေါ် ပေါ့ပါးသယ်ရလွယ် (ကျောပိုးအိပ်ထဲ ထည့်သွားနိုင်) တဲ့ ဓာတ်ခွဲခန်းသုံး ဆေးစစ်ကရိယာတွေသုံးကာ Van ကားတွေ ဆိုင်ကယ်တွေနဲ့ အရောက်သွား စစ်ဆေးပြီး နေ့တွင်းချင်း ကုသမှုပေးခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကိုယ်တိုင် တီဘီတိုက်ဖျက်ရေး အားပေးခဲ့ကာ၊ အစိုးရကလည်း ဘဏ်ကနေ တီဘီလူနာတစ်ဦးကို လစဉ်အသုံးစရိတ် (ရူပီး ၅၀၀) လွှဲပေးပြီး မက်လုံးပေးခဲ့တာက ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မူ ပိုရစေခဲ့ပါတယ်။ တချိန်ထဲမှာ တီဘီဖိုရမ်ကြီး လုပ်ခဲ့တဲ့ အိန္ဒိယက Goa ပြည်နယ်မှာလည်း သလိပ်ကို အဏုကြည့်မှန်ပြောင်းနဲ့ စစ်တဲ့နည်းဟောင်းအစား၊ ဈေးကြီးပေမဲ့ ထိရောက်တဲ့ နောက်ဆုံးပေါ် မော်လီကျုလာသုံးနည်းနဲ့ စစ်တာကို ပထမဆုံးပြည်နယ်တစ်ခုအဖြစ် ၂၀၂၀ ခုနှစ်ထဲက အပြည့်အဝ အစားထိုးသုံးလာနေပါတယ်။ ဒီနည်းနဲ့ လူထုကြားထဲပါ အရောက်သွားနိုင်တာကြောင့်၊ တီဘီ တွေ့ရှိနှုန်းများလာကာ၊ ပိုမိုကုသပေးနိုင်ပြီး၊ တီဘီဖြစ်နှုန်းလည်း ကျဆင်းလာနေပါတယ်။
နိုင်ငံတကာအလှုရှင်အဖွဲ့တွေကလည်း အာဖရိကမှာပါ ဈေးကြီးပေမဲ့ ထိရောက်တဲ့ တီဘီ စစ်ဆေးရေးနည်းသစ်တွေ တီထွင် မိတ်ဆက်ပေးခဲ့ပါတယ်။ Stop TB Partnership စီမံချက်နဲ့ USAID အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက အာဖရိကဘက် တီဘီအဖြစ်များတဲ့ ကွန်ဂိုနဲ့ နိုက်ဂျီးရီးယားနိုင်ငံက တောထဲနဲ့ တောင်ပေါ်ဒေသတွေမှာ လျှပ်စစ်မီး သုံးရခက်တာမို့၊ ဆိုလာဘက်ထရီသုံး စစ်ဆေးရေးကရိယာသစ်တွေ (မော်လီကျုလား နည်းပညာသုံး Truenat ဓာတ်ခွဲစမ်းသပ်ပစ္စည်းအပါအဝင်) ကိုပို့ပေးခဲ့ပါတယ်။ ဒါကြောင့် တီဘီ ရှာဖွေကုသ အဆုံးသတ်ရေးမှာ ပိုအောင်မြင်ခဲ့ပါတယ်။ နောက် တီဘီအဖြစ်များတဲ့ ယူဂန်ဒါမှာလည်း အလားတူ နောက်ဆုံးပေါ်နည်းတွေနဲ့ ထိရောက်အောင် လုပ်ဆောင်နိုင်နေပါပြီ။
ဒါ့အပြင် အာရှဘက်မှာလည်း တီဘီတိုက်ဖျက်ရေး နမူနာကောင်းတွေ ရှိလာနေပါတယ်။ အရှေ့တောင်အာရှမှာ တီဘီအဖြစ်များတဲ့ ဖီလစ်ပိုင်နိုင်ငံမှာပါ သယ်ယူလွယ် နောက်ဆုံးပေါ်နည်းတွေသုံးပြီး ဝေးလံတဲ့ကျွန်းတွေဆီပါ အရောက်သွားနိုင်ခဲ့ပါတယ်။ ဖီလစ်ပိုင်က ကျွန်းတွေ တကျွန်းပြီး တကျွန်းကို နေ့ချင်းပြန်အရောက် စစ်လှေတွေနဲ့သွားပြီး ထိရောက်တဲ့ စစ်ဆေးကုသမူတွေ အလားတူ အမြန်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်အာရှဘက်ဖြစ်ပေမဲ့၊ မြန်မာနဲ့အိမ်နီးချင်းဖြစ်ပြီး တီဘီအဖြစ်များတဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း တီဘီဖြစ်သူတွေကို အလားတူ စစ်ဆေးရှာဖွေပြီး၊ နှစ်အလိုက်ဖြစ်နှုန်း ကျဆင်းရမဲ့ အရေအတွက်ပါ သတ်မှတ်ကာ၊ ဆေးဝါးကုသမှုတွေကို ပိုထိထိရောက်ရောက် လုပ်ပေးလာနိုင်နေပါပြီ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။