ငုပ်လျှိုး တီဘီရောဂါ အန္တရာယ်

  • ဝင်းမင်း

အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး

ကမ္ဘာပေါ်မှာ တီဘီရောဂါ သန်းထောင်ချီ ကူးစက်နေပြီး လက္ခဏာမပြတဲ့ ငုပ်လျှိုးတီဘီအဆင့်မှာ ရှိနေတာကနေ ကူးစက်တဲ့အဆင့် ရောက်ဖို့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။

တီဘီပိုးကူးစက်ခံရတိုင်း ရောဂါပေါ်မလာသေးချိန်ကို ငုပ်လျှိုးတီဘီ (Latent TB Infection) အဆင့်သတ်မှတ်ပြီး၊ ရှာဖွေစစ်ဆေးပေးဖို့ လိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဖြစ်တဲ့ လူပေါင်း သန်း ၁၈၀၀ ခန့်ဟာ ဒီပိုး ကူးစက်ခံထားရနိုင်ပေမဲ့ ကိုယ်ခံအားကောင်းနေချိန် တီဘီပိုးကို တိုက်ထုတ်ထားနိုင်တာကြောင့် တီဘီရောဂါလက္ခဏာ မပေါ်သေးတာပါ။ အခုလို ငုပ်လျှိုးတီဘီအဆင့်မှာ တခြားသူတွေကို မကူးစက်နိုင်သေးပေမဲ့၊ တချို့ (၁၀% ခန့်) က အချိန်မရွေး တခြားသူကိုလည်း ကူးစက်နိုင်တဲ့ အဆုပ်တီဘီရောဂါဖြစ် (လက္ခဏာပေါ်လာ) တဲ့အဆင့်ကို ရောက်သွားနိုင်တာမို့ သူတို့ကို ကြိုတင်ရှာဖွေပြီး ကုသပေးဖို့ လိုတာပါ။

အခုလို ကြိုတင်ကုသပေးနိုင်ဖို့မှာ တီဘီဖြစ်ဖို့ အန္တရာယ်များသူတွေကို သတ်မှတ်ရှာဖွေပြီး နောက်ဆုံးပေါ်နည်းတွေနဲ့ ဆေးစစ်ပေးဖို့ လိုပါတယ်။ တီဘီရောဂါရှိသူ မိသားစုနဲ့ တအိမ်ထဲနေသူတွေ၊ အာဟာရချို့တဲ့သူနဲ့ ကိုယ်ခံအားကျနေသူတွေက တီဘီဖြစ်ဖို့ အန္တရာယ်များသူတွေပါ။ အကြောင်းက တီဘီရောဂါရှိသူတွေနဲ့ ထိတွေ့ရသူတွေမှာ လေကတဆင့်ကူးတဲ့ ပိုးက ကူးစက်ဖို့လွယ်ပြီး၊ အာဟာရ (အဓိက အသားဓာတ် အပါအဝင်) ချို့တဲ့သူတွေမှာ ကိုယ်ခံအားလည်း မကောင်းတာကြောင့် ကူးစက်ခံရပြီး လက္ခဏာ အမြန်ပေါ်နိုင်ပါတယ်။ ကိုယ်ခံအားကျနေသူထဲ HIV ပိုးကူးစက်ခံရသူတွေလည်း ပါဝင်ပါတယ်။ ဒီ အန္တရာယ်ရှိတဲ့ လူတွေကို လိုက်စစ်ဆေးပေးတာ၊ ဒီလူတွေကလည်း ကျန်းမာရေးအသိနဲ့ လာစစ်ဆေးခံတာတွေ လုပ်ပေးသင့်ပါတယ်။

ဒါ့အပြင် ဆေးလိပ်နဲ့ အရက်အလွန်သောက်သူတွေလည်း တီဘီကူးစက်ခံရဖို့ များပါတယ်။ တီဘီဖြစ်သူ ၂၀% က ဆေးလိပ်သောက်တာ တွေ့ရှိထားပြီး၊ အရက်အလွန်သောက်သူတချို့ကလည်း အစာ (အသားဓာတ်ပါ မျှတအောင်) ကောင်းကောင်းမစားတာကြောင့် အာဟာရချို့တဲ့နေပြီး ကိုယ်ခံအားကျနေတတ်လို့ပါ။ ဒါ့အပြင် ငုပ်လျှိုးတီဘီ သံသယနဲ့ အနောက်နိုင်ငံတချို.က ဆေးစစ်တတ်တဲ့ တီဘီဝန်ထုတ်ဝန်ပိုးနိုင်ငံ ၃၀ ထဲ မြန်မာနိုင်ငံ ပါနေပြန်ပါတယ်။ ဒါကြောင့် မြန်မာမှာ ဒီအန္တရာယ်များသူတွေကို တီဘီပိုးစစ်ဆေးပြီး ကုသပေးနိုင်လေ၊ ကူးစက်ဖို့ အန္တရာယ်လျှော့ချနိုင်လေပါ။ တီဘီ အဖြစ်နည်းတဲ့ အမေရိကန်မှာတောင် ကိုဗစ်နောက်ပိုင်း တီဘီနဲ့ ကိုဗစ်လူနာ ဆေးရုံတက်တာကနေ ကူးစက်ပြီး တီဘီပြန်ဖြစ်လာတာ တွေ့ထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။