မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တာ ၁၀ နှစ် ကျော်ခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင်ကထက် ပိုဆိုးဝါးလာနေတယ်လို့ မြန်မာ့အရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တုံ့ပြန်ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ မြန်မာလူထုအကြားမှာ လူ့အခွင့်အရေး နိုးကြားမှု အရင်ထက် ပိုလာတယ်လို့ သုံးသပ်ပါတယ်။ အခု ဇန်နဝါရီလ ၂၇ ရက်နေ့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာက ပထမဆုံး သုံးသပ်တဲ့ UPR အစည်းအဝေး ကျင်းပမှာဖြစ်လို့ မြန်မာစစ်အစိုးရဘက်ကရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ဒီအတွက် ကြိုတင် အစီရင်ခံစာတွေ တင်သွင်းခဲ့ကြပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းပြီးနောက် လုပ်ထုံးလုပ်နည်းသစ်အရ တနိုင်ငံချင်း လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ် ဆွေးနွေးကြရာမှာ အခုလာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် အလှည့်ကျပါတယ်။ နိုင်ငံကိုယ်စားလှယ် အသီးသီးက မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာကိုယ်စားလှယ်ကို ဝိုင်းဝန်းမေးမြန်း အကြံပြုကြမှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံဘက်က ပထမဆုံးအကြိမ် လူ့အခွင့်အရေး အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီထံ တင်သွင်းထားပါတယ်။ အခြား လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးက ဒီအစည်းအဝေးအတွက် ကြိုတင်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအစိုးရ အစီရင်ခံစာထဲမှာတော့ နိုင်ငံတကာက စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရှင်းလင်း ချေပထားတာမျိုး မရှိဘဲ နိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်မှုအတွက် ဥပဒေ ပြဋ္ဌာန်းမှုတွေ၊ တရားရေးကဏ္ဍ လုပ်ဆောင်ချက်တွေကို အလေးပေး ဖော်ပြပါတယ်။ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မတီကိုလည်း ၂၀၀၀ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ဒီကော်မတီ ဖွဲ့ခဲ့တာ ၁၀ နှစ်ကျော်ပေမဲ့ ဘာရလဒ်မထွက်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့တောင် ပြောပါတယ်။
“ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက နေပြီးတော့ ဒီကော်မတီကို တိုင်ကြားခဲ့တာတွေရော၊ အရေးယူတာတွေရော တခါမှ မတွေ့ရဘူး။ သူတို့ အစီရင်ခံစာထဲမှာလည်း ဥပမာ တိုင်စာ ဘယ်နှစ်ခု ရောက်ပြီးတော့ အဲဒီ တိုင်စာ ဘယ်နှစ်ခုကို စုံစမ်း စစ်ဆေးပြီးတော့ ဘယ်လိုမျိုး ဥပဒေကြောင်းအရ အရေးယူမှု လုပ်ပါတယ် ဆိုတာလည်း မပါဘူး။ အမှန်တော့ ဒီလိုမျိုး အဖွဲ့အစည်းမှာ အစိုးရခန့်တဲ့ သူတွေချည်းပဲ မဟုတ်ဘဲနဲ့ လူထု လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ဖွဲ့စည်းသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”
ပြည်တွင်းမှာ ရှိနေတဲ့ လက်ရှိ တည်ဆဲဥပဒေတွေ အရရော ဘယ်လောက်အထိ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကာအကွယ် ပေးနိုင်လဲခင်ဗျ။
“လက်ရှိ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ တရားဥပဒေတွေကလည်း တပုံတခေါင်း ရှိနေတာပေါ့။ Electronic Act တို့၊ ကိုယ့်သာသာကိုယ် အီးမေးလ်ပို့တာတောင် လွတ်လွတ်လပ်လပ် မပို့ရဘဲ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကန့်သတ်တာတို့၊ လူ့အခွင့်အရေးကို တကယ် ကျင့်သုံးမယ်ဆိုရင် ဒီဥပဒေတွေနဲ့တော့ ကျိန်းသေပေါက် ဆန့်ကျင်မှာပဲ။”
လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ တုန်းကဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောတာဆိုတာ၊ နောက်တခုက နိုင်ငံတကာကလည်း ပြောတာဆိုတာ တော်တော်လေး အားနည်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာပဲပြောပြော ပြောလာတယ်၊ ဆိုလာတယ်၊ နောက်တခုက မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရရဲ့ အစီရင်ခံစာတွေမှာရော၊ စစ်အစိုးရကိုယ်တိုင် လုပ်တဲ့ ပုံစံအရရော နိုင်ငံတကာနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်လာတယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတွေက တိုးတက်လာတဲ့ လက္ခဏာလို့ မြင်လို့ရလား။
“တဘက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတာ တွေ့ရပါတယ်။ အဓိက အကြောင်း ၂ ခုကြောင့်ပေါ့။ တခုကတော့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး ဆန္ဒကြောင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ၊ ဒါတွေကို ချုပ်ချယ် ကန့်သတ်လု့ိ ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ နောက်တခုကတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ကိုယ့်လူမျိုး ကိုယ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ကာကွယ်ဖို့တွေ၊ ဒါတွေကို ဖိနှိပ်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ့။
“ပြည်သူလူထု အပိုင်းကတော့ အများကြီး တိုးလာတယ်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ တကယ်ကို စွန့်စွန့်စားစားနဲ့ အနစ်နာခံပြီး လုပ်နေတဲ့သူတွေ ရှိတယ်။ ILO လို ရုံးတွေမှာ တကယ်ကို သွားရောက်ပြီးတော့ ဆက်သွယ် တိုင်ကြားပေးပြီးတော့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နေတဲ့သူတွေ ရှိတယ်။ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုတွေကိုလည်း ဖိနှိပ်ချုပ်ချယ် ကန့်သတ်တဲ့ကြားက လုပ်ကိုင်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ အလားအလာပါ။
“ကျနော်တို့ အနေနဲ့ နိုင်ငံတကာ တရားဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတွေ၊ UN ကို တင်ပြမှုတွေ လုပ်ရပေမဲ့ တကယ်တမ်းကတော့ ပြည်သူလူထုဟာ ကိုယ့်ရဲ့ လူ့အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ကာကွယ်ကြရမှာပါ။ နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာ ယန္တရားတွေက တစိတ်တပိုင်းအားဖြင့်၊ အကန့်အသတ် အားဖြင့်တော့ ကျနော်တို့ကို အကူအညီ ပေးနိုင်တယ်၊ အကာအကွယ် ပေးနိုင်တယ်။ သို့သော်လည်း တကယ်တမ်းက ကိုယ့်ရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေကို ကိုယ့်ဘာသာကိုယ် ကာကွယ် စောင့်ရှောက်ကြရမှာပဲ ဖြစ်ပါတယ်။”
စစ်အစိုးရက လူ့အခွင့်အရေးကောင်စီကို တင်သွင်းမယ့် အစီရင်ခံစာထဲမှာတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ကာကွယ်မှုဆိုင်ရာ အချက်အလက်တွေကို ထည့်သွင်း ဖော်ပြပါတယ်။ အခု အစီရင်ခံစာကိုလည်း အစိုးရ တာဝန်ရှိသူတွေအပြင် အခြား လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြုစုရေးသားခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေထဲမှာ လက်ရှိအားဖြင့် ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ စာချုပ်နှစ်ခုကိုပဲ အဓိက လက်မှတ်ထိုးထားတာပါ။ အစီရင်ခံစာထဲမှာတော့ ကုလသမဂ္ဂ မျက်နှာစာကို အသုံးပြုပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံရေး ဖိအားတွေ ပေးနေတာကြောင့် မြန်မာ အပါအဝင် တတိယနိုင်ငံတွေရဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့လည်း မြန်မာစစ်အစိုးရက ဖော်ပြထားပါတယ်။