အိန္ဒိယနဲ့မြန်မာခေါင်းဆောင် ၂ ဦး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယဝန်ကြီးချုပ် တို့ တွေ့ဆုံ။(Ministry of Foreign Affairs Myanmar)

အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့က အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် အရေးကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့ပါတယ်။ လေ့လာသူတွေကတော အိန္ဒိယအတွက် မြန်မာနဲ့ ဆက်ဆံရေးဟာ အရေးကြီးပြီး အခုလက်ရှိဆွေးနွေးချက်တွေထဲမှာ တမူး-အင်ဖာလမ်းဆက်သွယ်ရေးဟာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ဆက်စပ်နေတာကြောင့်ခက်ခဲနိုင်ကြောင်း သုံးသပ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတနိုင်ငံတော်နေ့နဲ့ အိန္ဒိယ -အာဆီယံ ထိပ်သီး အစည်းဝေးတို့ကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကိုရောက်ရှိနေပြီး ၂၅ရက်နေ့ညနေပိုင်းမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ နယူးဒေလီမြို့က နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့၊ မပြီးပြတ်သေးတဲ့ နယ်နမိတ်တိုင်းတာသတ်မှတ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့၊ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကိုပူးပေါင်းနှိမ်နင်းဖို့၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဂိတ်တွေဖွင့်လှစ်ဖို့နဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယက ကူညီထောက်ပံ့ဖို့ဆိုတာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယမြန်မာနယ်စပ် မဏိပူရပြည်နယ် အင်ဖာမြို့က DM College က မြန်မာနိုင်ငံရေးကို လေ့လာနေသူ နိုင်ငံရေးသိပ္ပံဌာန တွဲဖက် ပါမောက္ခ Dr Suraj Langpoklakpamက အိန္ဒိယနိုင်ငံအတွက် မြန်မာနဲ့ ဆက်ဆံရေးဟာ အရေးကြီးကြောင်း အခုလို သုံးသပ်ပါတယ်။

“အိန္ဒိနိုင်ငံအနေနဲ့ Look East မူဝါဒ.. ဒါမှမဟုတ် Act East မူဝါဒကို အလေးထားတယ်ဆိုရင် မြန်မာနိုင်ငံဟာ အရေးကြီးတဲ့နေရာက ရှိနေပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ထောက်ခံမှုမရဘူးဆိုရင် ကျနော်တို့အနေနဲ့ အာဆီယံ နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရနိုင်မှာမဟုတ်ပါဘူး။”

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့၊ မိတ်ဆွေကောင်း ပီသဖို့ဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာအပေါ် အိန္ဒိယက လစ်လျှူရှုမနေသင့်ကြောင်းလည်း ထောက်ပြပါတယ်။

“မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကောင်းဖို့ဆိုရင် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအပေါ်မှာ နှုတ်ဆိတ်နေလို့ မဖြစ်ပါဘူး။ အဓိကတော့ ရိုဟင်ဂျာပြဿနာဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ လက်တွေ့ကျတဲ့အခန်းကပါဝင်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကို ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။”

နယူးဒေလီမြို့မှာနေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးညိုထွန်းကလည်း အိန္ဒိယနဲ့ မြန်မာအကြား ဆွေးနွေးထားတဲ့ ကိစ္စရပ်တွေအပေါ် အခုလို သုံးသပ်ပါတယ်။

“ Look East ကနေ Act East ပေါ်လစီပြောင်းတဲ့နေရာမှာ ဗမာကတော့ အဓိကအခန်းက ပါတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ အာဆီယံနဲ့လမ်းမကြီးဆိုရင် သူတို့ပြောနေတဲ့ ၃နိုင်ငံလမ်းမကြီးဖြစ်မှာပေါ့ဗျာ။ အဲဒီကနေပြီး ကျန်တဲ့ အာဆီယံနိုင်ငံတွေ ပေါက်မှာဆိုတော့ အိန္ဒိယ၊ မြန်မာ၊ ထိုင်းလမ်းကို အရင်ပြီးအောင်လုပ်ရမှာပေါ့။ နောက်တခုကတော့ ကုလားတန်ဘက်စုံ စီမံကိန်းကတော့ ပလက်ဝကနေ ချင်းပြည်နယ်၊ ချင်းပြည်နယ်ကနေ မယူတောင်ဝင်တဲ့လမ်းကတော့ နောက်စီမံကိန်းတခုပေါ့။ ခုနက ၃နိုင်ငံစီမံကိန်းနဲ့ ကုလားတန်ဘက်စုံစီမံကိန်းပဲ ဖြစ်မယ်ထင်တယ်။ ကျန်တာတွေကတော့ ခရီးသွားဟန်လွဲပဲ ဆွေးနွေးတယ်ထင်တယ်။”

အိန္ဒိယ- မြန်မာ- ထိုင်းနဲ့ လာအိုကို ဆက်သွယ်တဲ့လမ်းဟာ တမူးကတဆင့် အင်ဖာကို နဲ့ ဆက်သွယ်ရမှာကြောင့် ဒေသတွင်းက လက်နက်ကိုင်ပုန်ကန်မှုကြောင့် အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ၂ရက်ကြာမြင့်မှာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို ၄ရက်ကြာခရီး သွားရောက်ပြီး ဘရာဇီး၊ ရုရှ၊ တရုတ်၊ တောင်အာဖရိကနဲ့ အိန္ဒိယ ဘင်္ဂလားပင်လယ်အော် ဒေသက ခေါင်းဆောင်တွေ ပါဝင်တဲ့ BRICS-BIMSTEC outreach summit ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယနဲ့မြန်မာခေါင်းဆောင် ၂ ဦး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး