နာဂသူပုန်ခေါင်းဆောင် ၄ ဦး လွှဲပြောင်းအပ်နှံပေးဖို့ မြန်မာကို အိန္ဒိယတောင်းဆို

India Burma Border

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း နာဂသူပုန် NSCN–Khaplang အဖွဲ့က ဇွန်လ ၄ ရက်နေ့က ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိတပ်သား ၁၈ ဦး သေဆုံးမှုမှာ တာဝန်ရှိတဲ့ S S Khaplang နဲ့ ထိပ်တန်း စစ်ဘက်အကြံပေး Nikki Sumi အပါအဝင် နာဂသူပုန်အဖွဲ့ ခေါင်းဆောင် ၄ ဦးကို လွှဲပြောင်းအပ်နှံပေးဖို့ အိန္ဒိယအစိုးရက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် အိန္ဒိယ-မြန်မာ ပူးတွဲ အကြံပေးအဖွဲ့ စည်းဝေးပွဲအတွင်း NSCN(K) ခေါင်းဆောင်တွေကို လွှဲပြောင်းထိန်းသိမ်းခွင့်ပေးရေး ဖိအားပေး တောင်းဆိုဖို့အတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဌာနကို စာရေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစည်းဝေးပွဲမှာ အိန္ဒိယဘက်က နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တက်ရောက်ခဲ့ပြီး မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့ပါတယ်။

မဏိပူရပြည်နယ် Chandel ခရိုင်အတွင်းက ခြုံခိုတိုက်ခိုက်မှုကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ NSCN(K) ခေါင်းဆောင် ၄ ဦးကို လွှဲပြောင်းပေးဖို့ အိန္ဒိယအစိုးရက မြန်မာအာဏာပိုင်တွေကို ဖိအားပေးခဲ့တယ် ဆိုတဲ့အကြောင်း အိန္ဒိယက သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ဒီအတောအတွင်း သူတို့အဖွဲ့ဝင်တွေကို တွေ့ဆုံဖို့ ရောက်လာတဲ့ NSCN(K) ခေါင်းဆောင်တဦးကို India Habitat Center အပြင်မှာ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မဏိပူရပြည်နယ် ရဲတပ်ဖွဲ့ရဲ့ သတင်းပေးချက်အရ Ngamsinlung Panmel ဆိုသူ NSCN(K) ခေါင်းဆောင်တယောက်ကို အိန္ဒိယ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Chandel ခရိုင်အတွင်း တိုက်ခိုက်မှု ပြုလုပ်စဉ်က NSCN(K) ခေါင်းဆောင် Khaplang ဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့က ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေခဲ့ပြီး အခုတော့ မြန်မာနိုင်ငံဘက်က နာဂတောင်တန်းက သူတို့ဌာနချုပ်ရှိရာ Taga ကို ပြန်ရောက်နေပြီလို့ ဆိုပါတယ်။ တခြား ခေါင်းဆောင် ၃ ဦးဟာလည်း ဌာနချုပ်ကို ပြန်ရောက်နေပြီလို့ ယူဆရပြီး Taga နဲ့ တခြား စခန်းတွေအကြား သွားလာလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

NSCN(K) အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ၅ ရက်လောက်အကြာမှာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ နာဂသူပုန်စခန်းတွေကို အိန္ဒိယစစ်တပ်က လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။