မြန်မာ့ရင်းနှီးမြှုပ်နှံမှု အဆိုးဘက် ဦးတည်မှာ စိုးရိမ်

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ အမေရိကန်နဲ့ ဥရောပတို့လို အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာတဲ့ အတွက် နိုင်ငံခြား ကုမ္ပဏီတွေလည်း ဝင်ရောက်လုပ်ကိုင် ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Scott Stearns သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့အတူ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေရဲ့ အားနည်းချက်တွေကြောင့် ပြည်ပက လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ အခက်ကြုံနေခဲ့ရပေမဲ့ အခုအခါ အရေးယူမှုတွေ လျော့ပါးလာတာနဲ့အမျှ ဝင်ရောက် လုပ်ကိုင်ဖို့ စိုင်းပြင်းလာကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ အမေရိကန် ပြည်ထောင်စုက ဧရာမလုပ်ငန်းကြီးတွေဖြစ်တဲ့ Google, Coca-Cola, General Motors စတဲ့ ကုမ္ပဏီတွေပါ ပါဝင်လာကြတာပါ။ ဒါပေမဲ့လည်း အလုပ်သမား အခွင့်အရေးတွေ၊ လုပ်ငန်းခွင် အခြေအနေတွေ အားမကောင်းလှသေးတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အကောင်းထက် အဆိုးဘက်ကို ဦးတည်မှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ramesh Shrestha ကတော့ ဆင်းရဲမွဲတေမှု ၃၀ ရာခိုင်နှုန်း ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကလေးတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ် နိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေတယ်လို့ ဆိုပါတယ်။

“အစိုးရက ပြောနေသလို ဒီမိုကရေစီနည်းကျ ဖွင့်ပေးလာမယ်ဆိုရင် နေရာတိုင်းမှာ တံခါးတွေ ပွင့်လာမယ် ဆိုတာကတော့ ရှင်းပါတယ်။ သဘောကတော့ မထိန်းနိုင်သေးဘဲ ဖြစ်နေတဲ့ လက်ရှိ အခြေအနေတွေ ဟာလည်း ပိုပြီး လျော့ရဲရဲ ဖြစ်လာနိုင်တာပါ။ လူတွေက လုပ်ချင်တာ လုပ်လာနိုင်တဲ့ သဘောပါ။ ဥပဒေနဲ့ ညီတာရော၊ မညီတာရော အကုန်ဖြစ်လာနိုင်ပါတယ်။”

အစိုးရ လက်အောက်ခံ မဟုတ်တဲ့ အဖွဲ့တခုဖြစ်တဲ့ World Vision ရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒရေးရာ အကြီးတန်း အကြံပေး အရာရှိ Jesse Eaves ကတော့ အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှု ခြေလှမ်းတွေ လှမ်းလာတာကသာ အရေးကြီးတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံလို တိုင်းပြည်မျိုးတွေမှာ ကိုယ့်ရဲ့နယ်စပ်ဒေသမှာ ဘာတွေ ဖြစ်ပျက်နေတယ်၊ လူထုက ဘာတွေ ရင်ဆိုင်နေရတယ် ဆိုတာတွေကို အသေအချာကြည့်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်း လာတာတွေကို တွေ့ရပါတယ်။”

World Vision အနေနဲ့ကတော့ အထူးသဖြင့် လူမှောင်ခိုကူးမှုတွေ၊ ကလေးတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူတွေနဲ့ လက်တွဲပြီး အများက အာရုံစိုက်လာအောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုင်တွယ်လာတာတွေ၊ ပွင့်ပွင့်လင်းလင်း ဆွဲထုတ်ပြီး၊ မြင်သာထင်သာဖြစ်အောင် လုပ်လာတာတွေကို ကြည့်မယ် ဆိုရင်ပဲ အပြောင်းအလဲတွေဟာ အံ့သြလောက်စရာပါ။ အကြီးမား ဆုံး ပြဿနာလို့ ကျနော် ယူဆတာကတော့ လူတွေက သူတို့ တွေ့မြင်နေရတဲ့ ကိစ္စက ဘာမှန်းမသိဘဲ ဖြစ်နေကြတာပါ၊ ဒါက သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စ၊ တလျှောက်လုံး လုပ်လာတဲ့ ကိစ္စပဲလို့ မြင်ကောင်းမြင်ကြတဲ့ ကိစ္စပါ။”

အမေရိကန် ပြည်ထောင်စု Brookings တက္ကသိုလ်က စီးပွားရေး ကျွမ်းကျင်သူ Lex Rieffel ကတော့ မြန်မာနိုင်ငံက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ လူမှုဖူလုံရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေဟာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သဘာ၀ အရင်းအမြစ်တွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြတဲ့ တိုင်းပြည်တွေဟာ လူ့အရင်းအမြစ်တွေ မှာ စိုက်ထုတ်မှုတွေ နည်းပါးတဲ့ ပုံစံမျိုး တွေ့ရတတ်ပါတယ်။ အတွေ့အကြုံတွေအရ ပြောရမယ် ဆိုရင်တော့ လူ့အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေက ရေရှည်မှာ ပြန်ပြီး အကျိုး ခံစားရတတ်ပါတယ်။”

ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ အမှုဆောင် အရာရှိချုပ် Nick Baird ကတော့ နိုင်ငံခြား ကုမ္ပဏီတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအပေါ် ကြီးကြီးမားမား အကျိုးပြုနိုင်မယ်လို့ မြင်ပါတယ်။

“ဒါက စီးပွားရေး သက်သက် မဟုတ်ပါဘူး၊ ပွင့်လင်းပြီး ထင်သာမြင်သာရှိရှိနဲ့ တာဝန်သိတဲ့ စီးပွားရေး ပုံစံမှာ အတူလက်တွဲ လုပ်ဆောင်ခြင်းအားဖြင့် တိုင်းပြည် တည်ငြိမ်မှုအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။”

ဗြိတိန်ကုန်သွယ်ရေးရုံး အကြီးအကဲလိုပဲ နှစ်ပေါင်း ၂၀ ကျော်မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာတဲ့ Derek Mitchell ကလည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုတွေ ပိုရှိလာနိုင်တယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။