ပြည်တွင်း သတင်းထောက်အုပ်စု HIV/AIDS ဝေဒနာရှင်တွေအတွက် ငွေလှူဒါန်း

  • မသင်းသီရိ

ပြည်တွင်း သတင်းထောက်အုပ်စု HIV/AIDS ဝေဒနာရှင်တွေအတွက် ငွေလှူဒါန်း

NLD လူမှုထောက်ကူပြု အဖွဲ့က လူငယ်တွေ စုပေါင်းဖွင့်လှစ်ထားတဲ့ တောင်ဒဂုံက HIV/AIDS လူနာရှင်များ ကူညီရေး ဂေဟာနဲ့ စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားတဲ့ မြောက်ဒဂုံက HIV/AIDS မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ဂေဟာကို ပြည်တွင်းက သတင်းထောက်တွေ စုပေါင်းပြီး ငွေကြေးလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က HIV/AIDS ဝေဒနာရှင်တွေကို ကူညီကြဖို့ ပန်ကြားခဲ့ပြီး နောက်ပိုင်း လူထုရဲ့ ကူညီထောက်ပံ့မှုတွေ ပိုရလာခဲ့တယ်လို့လည်း ဒီလုပ်ငန်းတွေကို ဦးဆောင်သူတွေက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြည်တွင်းက သတင်းဂျာနယ်တွေမှာ အလုပ်လုပ်ကြတဲ့ သတင်းထောက် ၂၀ ကျော် စုပေါင်းပြီး မနေ့က HIV/AIDS လူနာတွေကို ငွေလှူဒါန်းခဲ့ကြတာပါ။ NLD လူမှုထောက်ကူပြုက ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံက ဂေဟာကို ငွေကျပ် ၂၀၀,၀၀၀၊ ဆရာမ သန်းမြင့်အောင် ဦးစီး ဖွင့်လှစ်ထားတဲ့ မြောက်ဒဂုံက HIV/AIDS မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာကို ကျပ်ငွေ ၂၀၀,၀၀၀ စီ သူတို့ရဲ့ လုပ်အားခထဲကနေ စုပေါင်းလှူဖြစ်ခဲ့တယ်လို့ ဒီလှူဒါန်းမှုမှာ ပါဝင်ခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦးက ပြောပါတယ်။

“ဒီမှာ သတင်းသမားတွေ အကုန်လုံးကလည်း HIV/AIDS လူနာတွေအပေါ်မှာ လူသားအချင်းချင်း စာနာတဲ့အားဖြင့် ဒီလိုမျိုး လုပ်ပေးသင့်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမက သတင်းသွားယူရင်း HIV/AIDS ဂေဟာဆိုတာလည်း မြင်နေတာဆိုတော့ ဒါ ကျမတို့အတွက်လည်း တာဝန်တခု ရှိတယ်လို့ ယုံကြည်တယ်ပေါ့။ ဒီလိုမျိုး ကူညီစာနာပြီး ဖေးမဖို့အတွက်ကို။ အဲဒါကြောင့် ကျမတို့ အကုန်လုံး ရှိတဲ့ ငွေရေး ကြေးရေးလေးကို စုပြီးတော့ သွားပြီးတော့ လှူဒါန်းရတာပါ။”

သူတို့တွေဟာ လူနာတွေနဲ့ ပတ်သက်တဲ့ သတင်းကို ယူကြရင်းနဲ့ ဒီလူနာတွေရဲ့ လိုအပ်ချက်ကို ပိုသိလာရတယ်လို့လည်း မအိမ့်ခိုင်ဦးက ပြောပါတယ်။

“အကူအညီကတော့ HIV/AIDS ဆိုတာက အစိုးရက အမြဲ ARV ဆေး ပေးတာတို့၊ ပြီးတော့ သူတို့မှာ စားဝတ်နေရေးကလည်း သိပ်မပြေလည်ဘူးလေ။ အဲဒါကြောင့် အကူအညီက အမြဲမပြတ် လိုနေတာပါပဲ။ အတိုင်းအတာ တခုအထိပဲ ကျမတို့ဘက်ကလည်း သွားလှူဒါန်းခဲ့ရတာပေါ့။ လိုတာတော့ လိုနေတယ်၊ သူတို့ လိုအပ်ချက်ကို ကျမတို့ မဖြည့်ပေးနိုင်သေးပါဘူး။ သွားပြီး လှူဒါန်းဖို့တော့ ပိုပြီး တိုက်တွန်းတိုက်ချင်ပါတယ်။”

သတင်းထောက် မအိမ့်ခိုင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ထိန်းသိမ်းခံရမှုကနေ လွတ်လာပြီး နောက်တရက်မှာပဲ တောင်ဒဂုံက HIV/AIDS လူနာရှင်တွေကို သွားရောက် အားပေးခဲ့တာ၊ လူနာတွေကို ဝိုင်းဝန်းကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်တွေ ထွက်လာပြီး နောက်ပိုင်း ပြည်သူလူထုရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးကူညီမှုတွေက ပိုရလာတယ်လို့ ဒီဂေဟာကို ဦးဆောင်သူတွေက ပြောပါတယ်။ သူတို့မှာ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပေမဲ့ အခုလို လာရောက် အားပေးမှုတွေက ရှေ့လုပ်ငန်းတွေအတွက် ပိုပြီး အားတက်မှုတွေ ဖြစ်တယ်လို့ တောင်ဒဂုံဂေဟာကို ကူညီ ဦးဆောင်နေသူ တဦးဖြစ်တဲ့ ကိုရာဇာက ပြောပါတယ်။

“အမေလာပြီးသွားပြီး နောက်ပိုင်း ကျနော်တို့ကို တောက်လျှောက် လှူနေတာတွေ ရှိတယ်၊ ဆန်တို့၊ ဆီတို့။ လှိုင်တို့၊ ကမာရွတ်တို့၊ စမ်းချောင်းတို့၊ ဒီ တောင်ဒဂုံထဲကတော့ အစားအသောက်တို့ ငွေကြေးတို့ လှူနေတာ ရှိတယ်။ အခက်အခဲကတော့ အများကြီးပေါ့ဗျာ။ အခုချိန်ထိလည်း ရှိနေတုန်းပါပဲ။ သဘောတခုက သွားရေး လာရေး အခက်အခဲရှိမယ်။ ကျနော်တို့ နေရာလေးက ချောင်ကျတယ်ဗျာ။ ဘေးပတ်ဝန်းကျင်ရဲ့ အခက်အခဲ ရှိမယ်ပေါ့ဗျာ။

“အဲဒါအပြင်ကို နောက်နောင် ကျနော်တို့က ကျနော်တို့ဂေဟာ အခက်အခဲထက် ကျနော်တို့ ဖော်ညွှန်းချင်တာ တနိုင်ငံလုံးရဲ့ အခက်အခဲပဲ။ တနိုင်ငံလုံးမှာ ဒီရောဂါ ဝေဒနာသည်တွေက ပြည့်ကျပ်နေတယ်။ ဒါတွေကို ဖော်ထုတ်ဖို့ လိုမယ်၊ ဒါတွေကို ပြုစု စောင့်ရှောက်ပေးဖို့ လိုမယ်။ ကျနော်က အဲဒါကို အဓိကထားပြီး ပြောချင်တာပါ။”

ကိုရာဇာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီအလှူဟာ သတင်းသမားတွေနဲ့ ပတ်သက်လို့ တတိယမြောက်အုပ်စု ဖြစ်ပါတယ်။ ပထမအကြိမ် အနုပညာရှင် ၉ ဦး သွားရောက်ခဲ့ပြီး နောက်ပိုင်း သူတို့ရဲ့ လုပ်ငန်းတချို့ ပိတ်ပင်ဟန့်တားမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပေမဲ့ နောက်ပိုင်း ဒုတိယအသုတ် အနေနဲ့ နောက်ထပ် စာရေးဆရာတွေ၊ ကဗျာဆရာတွေ စုပေါင်းပြီး HIV/AIDS ဝေဒနာရှင်တွေကို သွားရောက် လှူဒါန်းခဲ့ကြပါတယ်။