ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား(၂)ကို ဖြတ်ပြီး ထိုင်းဘက်ကို ပြန်လာတဲ့ ၁၈ဘီးပါတဲ့ ထိုင်းကုန်ကားတစီးအောက်သစ်သားအံဝှက်ထဲမှာ ပုန်းပြီးလိုက်လာတဲ့မြန်မာ ၈ဦးနဲ့ ၊ တာ့ခ် ခရိုင် ဖွတ်ဖရမြို့နယ်ကနေ မလေးရှားထိသွားကြမယ့် မြန်မာ၁၈ဦး စုစုပေါင်း ၂၆ဦးကို နိုဝင်ဘာလ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတား(၂)ကို ဖြတ် မြ၀တီဘက်ကို ကုန်ပစ္စည်းပို့ပြီး ထိုင်းဘက်ကို ပြန်လာတဲ့ ၁၈ဘီးပါတဲ့ ထိုင်းကုန်ကားတစီးအောက်က သစ်သားအံဝှက်ထဲမှာ မြန်မာ ၈ဦးပုန်းပြီး လိုက်ပါလာခဲ့ကြတာပါ။ သူတို့ကိုတော့လုံခြုံရေးတပ်ဖွဲ့တွေက မသင်္ကာလို့ စစ်ဆေးရင်းနဲ့ဖမ်းမိခဲတ့ယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
" မြ၀တီမြို့ဘက်ကို ပစ္စည်းသွားပို့တဲ့ ထိုင်းကုန်တင်ယဉ်တစီးပေါ်မှာပုန်းအောင်းလိုက်ပါလာတဲ့တရားမဝင် မြန်မာ၈ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေက မဲဆောက်-မြ၀တီ ထိုင်းမြန်မာအမှတ်၂ ချစ်ကြည်ရေးတံတားပေါ်ကနေ အပြန်လမ်းမှာ ထိုင်းကုန်တင်ယဉ်မှာပုန်းအောင်းလိုက်ပါတုန်း သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက မသင်္ကလာလို့စစ်ဆေးတာ အမျိုးသား ၆ဦးနဲ့ အမျိုးသမီး ၂ဦးကို စစ်ဆေးရင်းနဲ့ဖမ်းဆီးမိတာဖြစ်ပါတယ်။ "
သူတို့ကိုတော့ နိုဝင်ဘာလ ၁၆ရက်နေ့မှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်မိခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ နိုဝင်ဘာလ ၁၇ရက်နေ့မှာလည်း မြန်မာနိုင်ငံကနေ လာပြီး မလေးရှားနိုင်ငံထိသွားကြမယ့် မြန်မာ ၁၈ဦးကိုလည်းဖမ်းမိခဲ့တယ်လို့သိရပါတယ်။
"နိုဝင်ဘာလ ၁၇ရက်နေ့မှာတော့ တာ့ခ် ခရိုင် ဖွတ်ဖရမြို့နယ်ထဲမှာ မလေးရှားနိုင်ငံကိုသွားကြမယ့် မြန်မာ ၁၈ဦးပေါ့၊ ၁၈ထဲမှာအမျိုးသားက ၁၂ဦး အမျိုးသမီးက ၄ဦး ကလေးက ၂ဦး စုစုပေါင်း၁၈ဦးကို ဒေသဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေကဖမ်းမိပါတယ်။"
စစ်ရေးနိုင်ငံရေးစီးပွားရေးမငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးပြီး အလုပ်အကိုင်ရှာလိုသူတွေနဲ့၊ ပြည်သူ့စစ်မှုထမ်းကြောင့် ထွက်ပြေးလာသူတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို မြန်မာတွေအစုအဝေးနဲ့ဝင်ရောက်နေပါတယ်။တပတ်အတွင်း တရားမဝင်ဝင်ရောက်လာသူတွေက ၁၅၀ ဝန်းကျင်လောက်ရှိတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေကပြောဆိုခဲ့ပါတယ်။