တရုတ်နဲ့ ရုရှား အဓိကဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံအထိ တိုးလာတဲ့ BRICS နိုင်ငံတွေရဲ့ အောက်တိုဘာလ ထိပ်သီးညီလာခံမှာ လေ့လာသူနိုင်ငံအဖြစ် ပါဝင်ချင်တယ်လို့ ရုရှားကို ဒီရက်ပိုင်းထဲသွားခဲ့တဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးက ရုရှားသတင်းဌာနကို ပြောပါတယ်။ BRICS မှာ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာဖို့လည်း ဆန္ဒရှိတယ်လို့ သူက ပြောခဲ့ပါတယ်။ အမေရိကန်အပါဝင် မဟာမိတ်နိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး ချိန်ခွင်လျှာညှိဖို့ ကြိုးစာနေတဲ့ BRICS အုပ်စုမှာ မြန်မာပါဝင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သုံးသပ်သူတွေရဲ့အမြင်ကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
အခုလာမဲ့ အောက်တိုဘာလ ၂၂ ရက်မှာ ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာလုပ်မဲ့ BRICS နိုင်ငံတွေရဲ့ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို လေ့လာသူအဖြစ် တက်ရောက်ဖို့ စိတ်ဝင်စားကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။ ဒီပေါင်းစည်းမှုမှာ ပါနိုင်ဖို့အတွက် အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်တဲ့အကြောင်း၊ အရှေ့တောင်အာရှက နိုင်ငံတချို့လိုပဲ မြန်မာက အမြဲတမ်းအဖွဲ့ဝင် လျှောက်ထားချင်တဲ့အကြောင်း သူက ရုရှားသတင်းအေဂျင်စီကို စက်တင်ဘာ ၁၅ ရက်က ပြောခဲ့တာပါ။
မြန်မာစစ်ကောင်စီက BRICS နဲ့ ပူးပေါင်းလိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပေမဲ့ သိသာတဲ့အချက်တခုကတော့ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားချိန်မှာ ကုန်သွယ်၊ စီးပွားရေး အခွင့်အလမ်းကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
BRICS ကလည်း တရုတ်၊ ရုရှား၊ အိန္ဒိယ ဦးဆောင်ပြီး အနောက်အုပ်စုနဲ့ စီးပွားရေး ချိန်ခွင်လျှာညှိဖို့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် အနည်းနဲ့အများတော့ စီးပွားရေး ပိတ်ဆို့ခံရတာကို သက်သာလိမ့်မယ်လို့ စစ်ကောင်စီဘက်က စဉ်းစားပုံရကြောင်း သူက ပြောပါတယ်။
"နောက်တခုက လက်ရှိအခြေအနေမှာ သူတို့ နိုင်ငံရေး၊ စစ်ရေးအရရော၊ နောက်ကမ္ဘာမှာရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုတွေအရရော၊ အရေးယူမှုတွေအရရော သံတမန်ဆက်ဆံရေးမှာ အထီးကျန်နေတဲ့ ကိစ္စတွေရှိတယ်။ အဲဒါတွေကလည်း BRICS အားဖြင့် အနည်းနဲ့အများ လွတ်သွားမလားပေါ့။ ဒီအထီးကျန်ဖြစ်မှုကို ဖြေသာမလား ဆိုတဲ့ဟာတွေ။ နောက်တခုက မြင်သာတဲ့ဟာက ဒီလိုမျိုးစုဖွဲ့မှုမှာ ပါနေတဲ့ဟာတွေက နိုင်ငံရေးပိုင်းဆိုင်ရာ အယူဝါဒ အထူးသဖြင့် အာဏာရှင်ဆန်တဲ့ စဉ်းစားမှုပုံစံ ဗဟိုထိန်းချုပ်မှုကို ဦးစားပေးတဲ့ နိုင်ငံလိုမျိုး အယူဝါဒပိုင်းဆိုင်ရာ တူညီတဲ့ဟာမှာ သွားပူးလိုက်ခြင်းအားဖြင့် ပိုပြီးတော့ မဟာမိတ် သဘောဆောင်တဲ့ ပေါင်းစည်းမှု ရမလားဆိုတဲ့ စဉ်းစားမှုတွေပါမယ်လို့ ကျနော်တို့ ယူဆလို့ရတယ်ခင်ဗျ။"
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ငါးနိုင်ငံနဲ့ စတင်ခဲ့တဲ့ BRICS အဖွဲ့ဟာ အမေရိကန်ဒေါ်လာနဲ့ ကုန်သွယ်တာကို လျှော့ချဖို့ တဖြည်းဖြည်း ကြိုးပမ်းလာပါတယ်။ ဒါကတော့ သူတို့ထောင်ထားတဲ့ New Development Bank (NDB) ကနေ ငွေကြေးစနစ်သစ်တခု ဖန်တီးပြီး ကြားခံသုံးစွဲဖို့ ဖြစ်ပါတယ်။
ရုရှားနဲ့ အီရန်အကြား ရေနံရောင်းဝယ်တာမှာ အမေရိကန်ဒေါ်လာကို မသုံးတော့ပါဘူး။ တရုတ်ကလည်း ရုရှားဆီကရေနံစိမ်းကို ယွမ်ငွေနဲ့ပဲ ပေးပြီးဝယ်ပါတယ်။ တရုတ်ကတော့ လာအို၊ မြန်မာနဲ့ အာစီယံဒေသထဲမှာ ယွမ်ငွေနဲ့ တိုက်ရိုက်ကုန်သွယ်ဖို့ ကြိုးပမ်းလာတယ်ဆိုပြီး သတင်းတချို့က ရေးပါတယ်။
မြန်မာ နစက စစ်ကောင်စီလက်ထက်မှာ စီးပွားရေး ခြွတ်ခြုံကျပြီး အမေရိကန်ဒေါ်လာ အရံငွေ အကျပ်တည်းဆိုက်လာတာ အတော်ကြာပါပြီ။ ဒါကို ကုစားနိုင်ဖို့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ ကုန်သွယ်တာမှာ ငွေကြေးချင်း တိုက်ရိုက်ပေးချေရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ တချို့က သုံးသပ်ထားပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကတော့ BRICS အဖွဲ့ရဲ့ ဒေါ်လာအစားထိုးမဲ့ ငွေကြေးစနစ်သစ်ကို ကြိုဆိုတယ်ဆိုပြီး ၂၀၂၃ ဇွန်လမှာလုပ်တဲ့ St. Petersburg နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ ပြောခဲ့တာပါ။
စစ်ကောင်စီဟာ အနောက်အုပ်စုအပြင် အာဆီယံထဲမှာတောင် သံတမန်ရေးအရ ခွဲခြား၊ ဆက်ဆံခံနေရပါတယ်။ ဒါကြောင့် ရုရှား၊ တရုတ်လို အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အစွမ်းအစရှိသမျှ ထုတ်သုံးမဲ့ ပုံစံရှိကြောင်း ပြည်သူ့ရေးရာ မူဝါဒနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ R. Lakher က ပြောပါတယ်။
ဒေါ်လာအစားထိုး ကုန်သွယ်ရေးကိုလည်း အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို တန်ပြန်တာမှာ နည်းလမ်းတခုအနေနဲ့ စစ်ကောင်စီက အသုံးချချင်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ BRICS အဖွဲ့ကတော့ နစက စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့အတွက် အချိန်ယူပြီး စဉ်စားလိမ့်မယ်လို့ သူကပြောပါတယ်။
"မြန်မာတို့လို BRICS ရဲ့ NDB မှာ လက်ခံဖို့ဆိုတာက တော်တော်လေးကို ခက်ဦးမယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့မှာ လျှောက်ထားတဲ့နိုင်ငံတွေက အများကြီးရှိတယ် ကိုယ့်မြန်မာနိုင်ငံက Black List နာမည်လေး တော်တော်ဆိုနေတဲ့ အခြေအနေမျိုးမှာ သူ့ကို လက်ခံမယ်ဆို BRICS ရဲ့နာမည်လည်း ပျက်သွားနိုင်တယ်ဆိုတော့ မြန်မာနိုင်ငံထက် ပိုပြီးတော့ကောင်းတဲ့ နိုင်ငံ၊ ဒီထဲကို ဝင်ချင်တဲ့သူတွေ လျှောက်လွှာတင်ထားတဲ့ နိုင်ငံတွေလည်း အများကြီး ရှိနေတဲ့အခါကြတော့ မြန်မာလိုမျိုးကို လက်ခံဖို့က အများကြီး ကြာဦးမယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားကနေ ကူညီမှုပုံစံမျိုး လုပ်ပေးမယ်ဆို ဒါကတော့ တမျိုးပေါ့လေ။"
အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး စတဲ့နိုင်ငံတွေက မကြာသေးခင်ကမှ BRICS ရဲ့ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာပါတယ်။
ရုရှားကတော့ သူဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အခုနှစ်ထဲမှာ နိုင်ငံရေးနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနဲ့ ပဋိပက္ခအကူအညီပေးရေး ဒီနယ်ပယ်သုံးခုကို အဓိကထားကြောင်း ပြောပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့ ဒီအဖွဲ့မှာပါဝင်ချင်တဲ့ နိုင်ငံပေါင်းက အနည်းဆုံး ၃၄နိုင်ငံလောက်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်တဲ့ BRICS ရဲ့ အခမ်းအနားတခုမှာ ပြောပါတယ်။ ပါဝင်ဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေကိုလည်း လစ်လျူရှုသွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့တာပါ။