မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက် ချိုးဖောက်

မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက် ချိုးဖောက်

မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက် ချိုးဖောက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာမှာ မြန်မာစစ်တပ်က အင်အား အပြင်းအထန်သုံး တိုက်ခိုက်နေတာဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီဘူးလို့ ဥပဒေ ပညာရှင်တွေက မြင်ကြပါတယ်။ အထူးသဖြင့်ကတော့ ပြည်တွင်းစစ် ဖြစ်ပွားရာမှာ လေကြောင်းအင်အား အသုံးပြုမှုတွေ၊ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒါဟာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်နေပြီလို့ ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာ သဘောတူညီချက်ကို အခုနောက်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ချိုးဖောက်ရာ ရောက်နေပြီလို့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြလာကြတာပါ။

အထူးသဖြင့် မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့ တိုက်ပွဲတွေအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ အတွင်းမှာလည်း အရပ်သားတွေ ထိခိုက်မှုတွေ ရှိတဲ့အထိ ဖြစ်နေရတာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် ဌာနချုပ်အနီးမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲသွားတာ၊ နောက်ပြီးတော့ ကချင်ပြည်နယ်ထဲမှာ လက်နက်ကြီးတွေ သုံးပြီးတော့ အရပ်သားရော မရှောင်၊ ပြီးတော့ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို လိုက်ပစ်နေတဲ့ ကိစ္စတွေက ဘာကို ပထမဦးဆုံး ညွှန်ပြသလဲဆိုတော့ ပြည်တွင်းစစ် မြန်မာပြည်မှာ အမှန်တကယ် ဖြစ်နေတာကို သက်သေပြတယ်။

“ဒုတိယအချက်က ပြည်ထောင်စု မြန်မာနိုင်ငံဟာ Geneva Convention ခေါ်တဲ့ နိုင်ငံတကာ စစ်နဲ့သက်ဆိုင်တဲ့ ဥပဒေကို သြဂုတ်လ ၂၅ ရက်၊ ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် စစ်နဲ့ဆိုင်တဲ့ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားခြင်း ဥပဒေတွေကို လိုက်နာဖို့ လိုတယ်။ Geneva Convention ရဲ့ တကယ့် အနှစ်သာရက တိုင်းပြည်တခုနဲ့တခု အသီးသီး စစ်ကြေညာပြီးတော့၊ ဒါမှမဟုတ် တိုင်းပြည် ၂ ခုထက် ပိုတဲ့ဟာ စစ်ကြေညာပြီးတော့ အချင်းချင်း ပစ်ခတ်တဲ့ကိစ္စ ဖြစ်တယ်။

“ဒါပေမဲ့ ဒီ Geneva Convention က ဘာဖြစ်သွားလို့ မြန်မာပြည်လို ပြည်တွင်းစစ်မှာ အကြုံးသွားဝင်သလဲ ဆိုတော့ လူသားချင်း စာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေတွေ ပါလာတဲ့အတွက်၊ အခု မြန်မာအစိုးရကလည်း လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် အဲဒါ လိုက်နာစရာ လိုတယ်။”

နိုင်ငံတကာက စစ်မက်ဆိုင်ရာ ပဋိပက္ခတွေအတွင်း မြေဇာပင် ဖြစ်နေရသူတွေကို အထူးသဖြင့် အကာအကွယ်ပေးဖို့ ဂျီနီဗာ သဘောတူညီချက်က ပြဋ္ဌာန်းထားတာပါ။ ဒီလို ပြဋ္ဌာန်းချက်တွေကို သဘောတူ လက်မှတ်ရေးထိုးထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းမှာ အထောက်အထားနဲ့တကွ တိုင်တန်းနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့လည်း ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ဥပမာ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ရဲဘော်တယောက်ကို သူတို့ ခေါ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းပြီး သတ်သွားတဲ့ ကိစ္စဟာ သူတို့က Geneva Convention ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ကျတယ်။ ဒါမျိုးကိစ္စဖြစ်ရင် အခု KIA က တက်လာတဲ့ အစိုးရသစ်ဟာ Geneva Convention ကို မလိုက်နာပါဘူး ဆိုတဲ့ဟာ သူတို့ လုပ်နေတဲ့ကိစ္စ ရှိတယ်။ ဒီလိုပဲ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ကယားဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ် ဒါမျိုး Geneva Convention ချိုးဖောက်တဲ့ ကိစ္စတွေကို နိုင်ငံတကာ အသိုင်းအဝန်းတွေက တဆင့် Geneva Convention လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အကြောင်းကြားဖို့က လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်။

“Geneva Convention ကို ချိုးဖောက်ပြီးတော့ အရေးယူခံရတဲ့ တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးစရာတော့ မရှိဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ မျက်နှာပျက်စရာ ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအဝန်းမှာ ယဉ်ကျေးသိမ်မွေ့တဲ့ တိုင်းပြည်နဲ့ မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည် ဆိုပြီးတော့ သတ်မှတ်ခံရတဲ့ ဓလေ့ထုံးတမ်း ရှိတယ်။ ဒါမျိုး Geneva Convention ကို မလိုက်နာတဲ့ လူတွေက မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည်အဖြစ် အပြောခံရတယ်။ ဆိုတော့ ကိုယ့်တိုင်းပြည် နိုင်ငံတကာ အသိုင်းအဝန်းမှာ မျက်နှာပျက်စရာမျိုးကို မလုပ်ချင်တဲ့ လူတိုင်းက ဒီ Geneva Convention ကို သူတို့က အတတ်နိုင်ဆုံး လိုက်နာကြတာ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက ရွေးကောက်ပွဲတရပ် ကျင်းပပြီး ဒီနှစ်ဆန်းပိုင်း အစိုးရသစ် ဖွဲ့စည်းခဲ့တဲ့ နောက်ပိုင်း တကျော့ပြန် ကြီးထွားလာခဲ့တာပါ။ အထူးသဖြင့်ကတော့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ချဖို့ ဒါမှမဟုတ်ရင်လည်း နယ်ခြားစောင့် တပ်ဖွဲ့လို အဆင့်နှိမ့် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာအာဏာပိုင်တွေဘက်က ဖိအားပေးရာက လက်နက်ကိုင် ပဋိပက္ခတွေ အပြင်းအထန် ပြန်လည် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။