Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး

(MOI)

နေပြည်တော်လွှတ်တော် အဆောက်အအုံကို ဒရုန်းနဲ့ ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦး မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတို့ကို ဖမ်းဆီး ထားတာဟာ ၄ ရက်ရှိနေပြီး မိသားစုနဲ့တေ့ွခွင့်မရသေးပါဘူး။ ရှေ့နေနဲ့လည်း တေ့ွခွင့်မရသေးဘူးလို့ မြန်မာသတင်းထောက်ရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်ကတင်ပြပေးပါမယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက နေပြည်တော် လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်း ဒရုန်းလွှတ်တင်ရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး။ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက်တို့အပြင် ဘာသာပြန်အဖြစ်လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် ယာဉ်မောင်းတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားပါတယ်။

ဖမ်းဆီးတာက ဒီနေ့မှာဆိုရင် ၄ ရက်ရှိနေပြီဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး နောက်တနေ့ စနေနေ့မှာ ချုပ်ရမန်ယူ စစ်ဆေးနေတာပါတယ်။ စစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက် အပြင်လူနဲ့တွေ့ခွင့်မရဘူးလို့ အမှုကို ကူညီလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းရဲ့နေပြည်တော်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

“ရာဇဝတ်တရားသူကြီးဆီကနေ ရမန်ယူထားတယ်ခင်ဗျ၊ ရမန်ယူထားတော့ ရမန်ကဘာနဲ့ ယူထားသလဲဆိုတော့ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ရမန်ယူထားတယ်ခင်ဗျ ။ ပြီးတာ့ ကိုအောင်နိုင်စိုးနဲ့ Taxi driver ၂ ယောက်ကို ပျဉ်းမနားရဲစခန်းအချုပ်မှာထားပါတယ်။ စင်္ကာပူ ဂျာနယ်လစ်နဲ့ မလေးရှား အမျိုးသမီးဂျာနယ်လစ်ကိုတော့ နေပြည်တော်မှာထားပါတယ်။ အမှတ်၁ ရဲစခန်းအချုပ်မှာထားပါတယ်ခင်ဗျ။ သူတို့ကအခု ရမန်ယူထားတဲ့အတွက်ကြောင့် ရမန်က သူက ၁၄ ရက် ယူလို့ရပါတယ်။ ၁၄ ရက်အတွင်းမှာတော့ ရုံးကိုပြန်ပို့ရမယ်ပေါ့လေ။ စစ်ဆေးမှုကတော့ Under investigation လို့ပြောတယ် အဲဒီအတွက်ကြောင့် အပြင်လူနဲ့ သူတို့ကို တွေ့ခွင့်မပေးသေးဘူးခင်ဗျ။”

သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို အချုပ်ချထားတဲ့ အမှတ် ၅ ရဲစခန်းရဲ့ စခန်းမှူးက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာ မိသားစုနဲ့တွေ့ဆုံခွင့်ပေးမယ်လို့ပြောကြောင်း ကိုအောင်နိုင်စိုးမိသားစု ကိုယ်စား လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုရဲထူးကပြောပါတယ်။

“အမှတ် ၅ ရဲစခန်းမှူးကပြောပါတယ် သူတို့ Investigation လုပ်ပြီးတဲ့အချိန်ကျရင်တော့ ပေးတွေ့မယ် ဒါပေမယ့် အချိန်အားဖြင့်တော့ သတ်သတ်မှတ်မှတ်မပြောနိုင်သေးဘူးလို့တော့ ပြောပါတယ်။ ဒီဘက်မှာ ရမန်ယူထားတဲ့ ကာလအတွင်းမှာ စုံစမ်းစစ်ဆေးနေတယ်ဆိုတော့ သူတို့အပြင်ကို ဘာမှ ထုတ်ပြောတာမရှိသေးဘူးခင်ဗျ။”

သတင်းထောက်တွေဟာ လွှတ်တော်အဆောက်အဦးနားမှာ အဝေးထိန်း ဒရုန်းယာဉ်လွှတ်တင်ဖို့လုပ်နေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ခုလို လုံခြုံရေးအထူးသတိထားတဲ့ နေရမျိုးတွေမှာ အဝေးထိန်းဒရုန်းမလွှတ်ရဆိုတဲ့ ကန့်သတ်ချက်မျိုးရှိသလားလို့ သတင်းမီဒီယာကောင်စီက ကိုမြင့်ကျော်ကိုမေးတော့

“ကျနော်က တခါမှ မကြားဖူးဘူး Drone သုံးတာ ဘယ်နေရာကန့်သတ်တယ်ဆိုတာ ။ ရွှေတဂုံဘုရားမှာတော့ ကန့်သတ်တယ်ဆိုတာက မီဒီယာတွေထဲမှာလည်းပါဖူးတယ်၊ အဲဒါတော့ကြားဖူးတယ်။ ဒါပေမယ့် လွှတ်တော်လိုနေရာမျိုးမှာ မကြားဖူးဘူး သတိ၊ အသိပေးထားတာ အဲဒါမျိုးမကြားဖူးဘူး။”

ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ပါတ်သက်လို့တော့ သက်ဆိုင်ရာ သံရုံးတွေကို အကြောင်းကြားထားတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားထားပါတယ်။ သူတို့ကို သွင်းကုန် ၊ထုတ်ကုန် ပုဒ်မ - ၈ နဲ့ဖမ်းဆီးထားတာဖြစ်ပြီး အဲဒီပုဒ်မနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး