NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးခေါ်ယူရေးဟာ ကြန့်ကြာမှုတွေ ရှိနေပြီး ဒီလို ရေရှည်ကြန့်ကြာနေမယ်ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ နားလည်မှုတွေ လွဲမှားနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဟုတ်ကဲ့။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အစောပိုင်းက နိုဝင်ဘာလပထမပတ်မှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။
ဒီလ ၂၂ရက်နေ့မှာတော့ PPST အဖွဲ့ဝင်တွေက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ KNU ဥက္ကဌထံကို အစည်းအဝေးခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ အစည်းအဝေးကျင်းပနိုင်ရေးအတွက်ညှိနှိုင်းနေဆဲရှိကြောင်း ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှုးဆလိုင်းထလာဟေးက ပြောပါတယ်။
“ PPST အစည်းအဝေး ခေါ်ယူဖို့ ကိစ္စက ညှိနှိုင်းနေဆဲပဲရှိနေပါသေးတယ်။ ဘာမှ ပြောလို့ မရသေးဘူး။ အကောင်းဆုံးညှိနှိုင်းနေပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဘာမှ ပြောလို့ မရသေးဘူး။”
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဒုဥက္ကဌ ဦးမျိုးဝင်းကတော့ ဒီဇင်ဘာလအတွင်းမှာ ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“ အခုကတော့ ညှိနေဆဲပဲနော်။ ဒီဇင်ဘာလအတွင်းတော့ ခေါ်နိုင်မယ်ထင်တာပဲ။ ”
အောက်တိုဘာလ ၁၅ရက်နဲ့ ၁၆ရက်နေ့တွေက နေပြည်တော်မှာ ကျင်းပခဲ့တဲ့အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်ဆို့နေတဲ့ ပြည်ထောင်စုက ခွဲမထွက်ရဆိုတာနဲ့ တခုတည်းသော တပ်မတော်ဖြစ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ပတ်သက်ပြီး အစိုးရဘက် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဆိုပြုချက်၃ရပ်စီရှာဖွေပြီး နိုဝင်ဘာလအတွင်းမှာမူတစ်ခု ချမှတ်နိုင်ဖို့ သဘောတူညီခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ PPST အစည်းအဝေး မခေါ်ယူနိုင်တာကြောင့် ဒီအဆိုပြုချက်တွေ ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ ဆွေးနွေးနိုင်တာမရှိသေးပါဘူး။
PPST အစည်းအဝေးခေါ်ယူဖို့အတွက် ကာလရှည်ကြာနေမယ်ဆိုရင်နားလည်မှုလွဲမှားတာတွေ ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက သုံးသပ်ပါတယ်။
“ နားလည်မှုလွဲနိုင်တာပေါ့။ ကြန့်ကြာရင် နားလည်မှုလွဲနိုင်တယ်။ PPST အဖွဲ့ခေါင်းဆောင်၊ ဒုအဖွဲ့ခေါင်းဆောင်က တစ်ဖွဲ့က JMC မှာ ယာယီရပ်ဆိုင်းတယ်။ တစ်ဖွဲ့က နိုင်ငံရေးဘက်မှာ ယာယီရပ်ဆိုင်းတယ်ဆိုတော့ အဲဒီလို ကိုယ့်အခြေအနေနဲ့ ကိုယ်ရပ်ဆိုင်းတာတွေက ရေရှည်ဖြစ်ရင်တော့ အားလုံးအတွက် မကောင်းဘူးပေါ့။ ဒါကြောင့် တိုင်ပင်နှီးနှောဖို့ လိုတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကို ရှင်းပြပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုတာပေါ့။ အဲဒီလို လုပ်ဖို့အတွက် အစည်းအဝေးမြန်မြန်ခေါ်လေ ကျနော်တို့ တိုင်ပင်ဆွေးနွေးဖို့ ရလေပေါ့ဗျာ။”
နိုဝင်ဘာ ဒုတိယအပတ်အတွင်းမှာPPST အဖွဲ့ ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး KNU က အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီး အစိုးရနဲ့ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းကြောင်း ဆုံးဖြတ်ခဲ့သလို ဒုအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း အရေးပေါ် ဗဟိုအလုပ်မှုဆောင်အစည်းအဝေးကျင်းပပြီး ပူးတွဲအပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ JMC မှာ ပါဝင်ရေးအတွက် တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အစည်းအဝေးကျင်းပဖို့ ကြန့်ကြာတာတွေ ရှိတဲ့တစ်ချိန်တည်းမှာတော့ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီထားတဲ့ ၂၀၁၈ခုနှစ်အတွင် ၂၁ရာစုပင်လုံအစည်းအဝေး နောက်တစ်ကြိမ်ကျင်းပရေးဟာလည်း ရွှေ့ဆိုင်းရမယ့် အခြေအနေတွေ ရှိလာနေပါတယ်။ ဒီလို ကြန့်ကြာမှုတွေဖြစ်ရတဲ့အပေါ်မှာတော့ ထိပ်သီးအစည်းအဝေးမှာ တစ်ဆို့နေတဲ့ အချက်တွေကို ပြေလည်အောင်မညှိနှိုင်းနိုင်တာကြောင့်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
Your browser doesn’t support HTML5