ဥပဒေပါ လွှတ်တော်အခွင့်အရေး စောင့်ကြည့်ရဦးမည်

ဥပဒေပါ လွှတ်တော်အခွင့်အရေး စောင့်ကြည့်ရဦးမည်

စစ်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေသစ်တွေထဲမှာ လွှတ်တော်ရေးရာ ကော်မတီတွေ ဖွဲ့စည်းရေး ကိစ္စကို ဖော်ပြထားပြီး လွှတ်တော်ကိုယ်စားလှယ် တယောက်ချင်းစီ အနေနဲ့ ကော်မတီရဲ့ လုပ်ငန်းရပ်တွေကို မေးခွန်းပြန်ထုတ်ခွင့် ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုချမှတ်ထားတဲ့ နည်းဥပဒေတွေအတိုင်း တကယ့်လက်တွေ့မှာ အကော်အထည်ဖော်နိုင်၊ မဖော်နိုင် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို ခေါ်ယူတော့မှာ ဖြစ်တာကြောင့် လွှတ်တော်ခေါ်ယူရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို စစ်အစိုးရက မနေ့က ပုံနှိပ်ထုတ်ေ၀ ဖြန့်ချိလိုက်တာပါ။

အခု အသစ်ထုတ်ပြန်တဲ့ ဥပဒေ၊ နည်းဥပဒေတွေထဲမှာ အရေးပါတဲ့ လွှတ်တော်ကော်မတီရေးရာ ၄ ခု ဖွဲ့စည်းမယ့်အကြောင်း ဖော်ပြထားတာကို တွေ့ရတယ်လို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“လွှတ်တော်ရေးရာ ကော်မတီ ၄ ခုတော့ ကျနော်တို့ တွေ့တယ်ဗျ။ ပြီးတော့ တခြား စီးပွားရေးတို့၊ ဥပဒေပြုရေးတို့၊ လူမျိုးရေးဆိုင်ရာ ကော်မတီတွေလည်း ဖွဲ့မယ်ဆိုရင် ဖွဲ့လို့ရတယ်ဗျ။ အဲလိုပါတယ်ဗျ။ အဓိကတော့ ဥပဒေပြုရေးတို့၊ ငွေစာရင်းကိစ္စတို့၊ လွှတ်တော် အခွင့်အရေး ကိစ္စတို့၊ ဝန်ကြီးဌာနတွေကို စိစစ်ပြီး ပြန်လည် မေးခွန်းထုတ်နိုင်ဖို့ ဆိုတဲ့ ကော်မတီတွေလည်း ပါတယ်။ အဲဒီ ၄ ခုပဲ အဓိက တွေ့ရတယ်ဗျ။

“ကျန်တဲ့ဟာတွေကတော့ သက်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နောက် လူမျိုးရေးဆိုင်ရာ ကိစ္စတွေ၊ အဲဒါတွေကိုလည်း ကော်မတီတွေ ဖွဲ့နိုင်တဲ့ဟာ တွေ့ရတယ်ဗျ။ လိုအပ်ရင် ထပ်မံပြီး အခြား ကော်မတီတွေလည်း ဖွဲ့သွားနိုင်တယ်လို့ ပါတယ်ဗျ။ အဲဒါတွေကတော့ ကာလ ကန့်သတ်ချက်နဲ့ပေ့ါဗျာ။ အမြဲတမ်း ကော်မတီ မဟုတ်ဘဲ ကာလ ကန့်သတ်ချက်နဲ့ပေါ့။”

ဒီကော်မတီတွေ ဖွဲ့စည်းပေးလိုက်ပေမဲ့ လွှတ်တော်အတွင်း တကယ်လက်တွေ့ အကောင်အထည် ဖော်နိုင်မှု ရှိမရှိ ဆိုတာကတော့ မသေချာသေးပါဘူး။

“အဲဒါတွေက မေးခွန်းထုတ်ခွင့် ရှိသလို ဖြေကြားမယ်ဆိုရင်လည်း တာဝန်တွေ ပေးထားတယ်ဗျ။ မေးခွန်းမေးတာ ဖြေကြားတာတွေကို လွှတ်တော်မှာ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် မေးတာရော၊ ဖြေတာရော လုပ်လို့ရတယ် ဆိုတာလည်း ပါတော့ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြောမယ်ဆိုရင် ပြောလို့ရတာပေါ့ဗျာ။ ဒါပေမဲ့ အထဲမှာ အဲဒီ ပြောတဲ့ဆိုတဲ့ ကိစ္စတွေက ဘယ်လောက်အထိ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မလဲ၊ မပေးနိုင်ဘူးလဲ ဆိုတာတော့ ကျနော်တို့ မသိသေးပါဘူးဗျာ။ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

“လွှတ်တော်ထဲ ရောက်တဲ့အခါ တင်ပြတဲ့သူက တင်ပြမယ်၊ ဖြေကြားတဲ့သူက ဖြေကြားမယ်၊ ဒါတွေကို မှတ်တမ်းမှတ်ရာပြုပြီး ပြန်တမ်းမှာ စစ်ဆေးမယ် ဆိုတာလည်း ပါတယ်ဗျ။ အဲတော့ ဒါတွေက တကယ်ပဲ အလုပ်ဖြစ်မလား၊ မဖြစ်လား ဆိုတာတော့ လက်တွေ့ အထဲကို ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ရင်ဆိုင်တွေ့တော့မှပဲ သိရမှာပဲဗျ။”

လောလောဆယ်မှာတော့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်မတက်ခင် လိုအပ်တဲ့ လုပ်ငန်းတွေကို လိုက်လံ လုပ်ဆောင်နေကြပါတယ်။

“ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေက ဓာတ်ပုံနဲ့ လျှောက်လွှာတွေ တောင်းလို့ သွားပေးနေရတယ်ဗျ။ အဲဒါကတော့ လွှတ်တော်ကို တက်ဖို့အတွက် ကြိုတင်ပြင်ဆင်တယ်လို့ ယူဆနိုင်တာပေါ့ဗျာ။ သူတို့ကို သွားလာစရိတ်တွေ၊ နေထိုင်စရိတ်တွေ အစရှိသဖြင့် စီစဉ်ပေးမယ့် သဘောတွေ တွေ့ရတယ်ဗျ။ အဲဒီ ဥပဒေထဲမှာ ပါတယ်ဗျ။ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရေးဆိုင်ရာ ဥပဒေမှာ နေရာထိုင်ခင်းတွေနဲ့ ခရီးစရိတ်တွေ ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာ ပါတယ်ဗျ။ အပိုဒ်တပိုဒ်ပါတာ တွေ့ရတယ်ဗျ။ အဲတော့ သူတို့ဆီ တဦးချင်း အကြောင်းကြားမယ့် သဘော ရှိပါတယ်ဗျ၊ ကြည့်ရတာ။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမယ့် လွှတ်တော်အသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြရသလို ပါတီအလိုက်လည်း လွှတ်တော်အသစ်မှာ တင်သွင်းနိုင်ဖို့အတွက် ဥပဒေမူကြမ်းတွေကို ကြိုတင် ပြင်ဆင်တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။