အစိုးရသစ်ကနေ အမျိုးသားရင်ကြားစေ့ရေး ဘယ်လောက်မျှော်လင့်နိုင်မလဲ

အစိုးရသစ်ကနေ အမျိုးသားရင်ကြားစေ့ရေး ဘယ်လောက်မျှော်လင့်နိုင်မလဲ

ပြီးခဲ့တဲ့ အပတ်အတွင်းမှာ လွှတ်တော်အသီးသီးရဲ့ ဥက္ကဋ္ဌတွေကို ရွေးချယ်လိုက်ပြီ ဖြစ်သလို နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိက ရင်ဆိုင်နေရတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြဿနာကိုတော့ အစိုးရသစ်၊ လွှတ်တော်သစ်ကနေ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် လက္ခဏာ မရှိသေးဘူးလို့ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ လွှတ်တော်သစ်ကနေ အမျိုးသား ညီညွတ်ရေးအတွက် အစပြုနိုင်တဲ့ လမ်းစတွေ ပေါ်နိုင်တယ်လို့ မျှော်လင့်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လွှတ်တော်ကနေ ရွေးချယ်လိုက်တဲ့ နိုင်ငံတော် သမ္မတ ဦးဆောင်ပြီး မကြာခင်မှာတော့ အစိုးရသစ်တရပ် ဖွဲ့စည်းရတော့မှာပါ။ ဒါပေမဲ့လည်း နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်အပေါ် အာဏာ ချုပ်ကိုင်ထားဦးမယ်လို့လည်း အများက ယူဆနေတုန်းပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က မလုပ်ခဲ့တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို နောက်တက်လာမယ့် အစိုးရကလည်း လုပ်မယ့်ပုံ မရှိဘူးလို့ ဥရောပ မြန်မာရုံး ဒါရိုက်တာ ဦးဟန်ညောင်ဝေက ယူဆပါတယ်။ နယ်စပ်ဒေသ တိုင်းရင်းသားတွေနဲ့ တင်းမာနေတဲ့ အခြေအနေဟာလည်း လက်ရှိ ဖွဲ့စည်းပုံအရဆိုရင် အစိုးရသစ်ရော လွှတ်တော်သစ်ပါ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေအနေ မရှိဘဲ စစ်တပ်နဲ့ပဲ သက်ဆိုင်တဲ့သဘော ဖြစ်နေတယ်လို့ သူက သုံးသပ်ပါတယ်။

“ကျနော်ထင်တာ ဒီအစိုးရသစ် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေအရ ဆိုရင် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ကိစ္စက တပ်မတော်နဲ့ဆိုင်တယ်၊ လုံခြုံရေးနဲ့ဆိုင်တယ် ဆိုတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးနိုင်ပါတယ်၊ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုရင် တိုင်းရင်းသားတွေ တန်းတူ လိုလားတဲ့ အချက်တွေ၊ ဒီဟာတွေက အခြေခံဥပဒေနဲ့ ဆိုင်တာပါပဲ။”

ဒါပေမဲ့လည်း လွှတ်တော်သစ်ကနေ အမျိုးသား ရင်ကြားစေ့ရေးအတွက် အစပျိုးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ ဦးဟန်ညောင်ဝေက ယူဆပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးနိုင်ဖို့ လွှတ်တော်က အစပြု ကြိုးပမ်းနိုင်တယ်လို့ သူက မြင်ပါတယ်။

“ထောင်ထဲမှာ ရောက်နေတဲ့ ခေါင်းဆောင်တွေ အများကြီး ရှိပါတယ်။ အဲဒီ ထောင်ထဲမှာ ရှိနေတဲ့ ခေါင်းဆောင်တွေကို လွှတ်တော်ကနေပြီး လွတ်ငြိမ်းချမ်းသာခွင့်လား၊ ဘာလား အဲဒါတွေ လုပ်ပေးတယ်ဆိုရင် ဒီနေရာမှာ ပြန်လည် သင့်မြတ်ရေးအတွက် အများကြီး အကျိုးဖြစ်နိုင်တယ်လို့ မြင်ပါတယ်။”

လွှတ်တော်ထဲ ဝင်ခဲ့ကြတဲ့ ဒီမိုကရေစီ အတိုက်အခံနဲ့ တိုင်းရင်းသား အချို့ကလည်း အခြား နိုင်ငံရေးကိစ္စတွေထက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြည်ပရောက်တွေ ပြန်လာခွင့်ပေးဖို့ ဆိုတဲ့ ဥပဒေကြမ်းတခု တင်မယ်လို့ ပြောကြ ဆိုကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီ မဲအားကောင်းတဲ့ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ၊ တပ်ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲနဲ့တော့ ဒီဥပဒေကြမ်းဟာလည်း အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး။

နိုင်ငံရေး အကျဉ်းသားလွှတ်ဖို့ မပြောနဲ့၊ မကြာသေးခင်ကပဲ တချို့ နိုင်ငံရေး အကျဉ်းသားတွေကို ရပ်ဝေး နယ်ထောင်ပြောင်းတာတွေတောင် ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ပုံမှန်အားဖြင့်ဆိုရင်တော့ အစိုးရသစ်တရပ် ဖွဲ့လာပြီးပြီဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်တွေတော့ ပေးလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလို ပေးတဲ့အခါမှာလည်း အများစုကတော့ ရိုးရိုး သာမန်အကျဉ်းသားတွေကို လွှတ်ပေးတာ များပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေက အရေအတွက် တချို့တော့ ပါနိုင်တယ်။ ဒါပေမဲ့ အကုန်လုံး လွတ်လာနိုင်မယ့် အနေအထားမျိုးကိုတော့ ကျနော်တို့ မမြင်ပါဘူး။”

အခုက အစိုးရသစ် အပြောင်းအလဲလည်း ဖြစ်မယ်ဆိုတော့ အရင်ကလို နိုင်ငံရေး အကျဉ်းသား အရေအတွက်တွေ တစုံတရာ ကျသွားမယ်၊ အဖမ်းအဆီးတွေ နည်းသွားမယ်လို့ရော ယူဆဖွယ် ရှိလားခင်ဗျ။

“အဲဒီလိုမျိုးတော့ ယူဆဖွယ် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ် ဖွဲ့လာပြီးရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သူတို့ ဘယ်လိုသဘောထားမလဲ၊ ဒီအတိုင်းပဲ ဆက်ပြီး လွှတ်ပေးထားမှာလား၊ ဒါမှမဟုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မတရားသင်း အဖြစ်နဲ့ ကြေညာပြီးတော့ ဒီလူတွေက ဆိုင်းဘုတ်ဖြုတ်မပေးဘူး၊ ဆက်ပြီး လှုပ်ရှားမှုတွေ ရှိနေဦးမယ်ဆိုရင် ဖမ်းတာဆီးတာတွေ ဖြစ်လာနိုင်တယ်။ အလားတူပဲ တိုင်းရင်းသား ပါတီတွေကိုလည်း လုပ်လာနိုင်တာတွေ ရှိတယ်။

“အခု နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်လည်း အဖမ်းအဆီးတွေက နယ်စပ်ဒေသမှာဆိုရင် တောက်လျှောက် ဖြစ်နေတာ ရှိပါတယ်။ ဒါကြောင့် ဒီအဖမ်းအဆီးတွေက လျော့သွားမယ့် အနေအထားမျိုးကိုတော့ ကျနော်တို့ သိပ်မတွေ့ရသေးပါဘူး။”

ဦးဟန်ညောင်ဝေကတော့ အခုရှိလာတဲ့ လွှတ်တော်သစ် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင်ဖို့ မျှော်လင့်ချက် မရှိပေမဲ့လို့ ပြည်နယ်အဆင့် လွှတ်တော်တွေမှာ တိုင်းရင်းသားတွေနဲ့ လက်ရှိ အာဏာပိုင်အကြား ကနဦးအဆင့်အားဖြင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေတော့ ရှိထားတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရကြည့်မယ် ဆိုရင်တော့ အများကြီး လုပ်လို့မရဘူး။ ဒါပေမဲ့ အဲဒီ ပြည်နယ်လွှတ်တော်တွေက သူ့လူမျိုးရဲ့ အခွင့်အရေးပေါ့၊ စာပေဖြစ်ဖြစ်၊ စကားဖြစ်ဖြစ်၊ ဘာသာဖြစ်ဖြစ် အဲဒါတွေ လုပ်နိုင်တယ်ဆိုရင် ညီညွတ်ရေးအတွက်၊ ပြန်လည် သင့်မြတ်ရေးအတွက် အများကြီး အကျိုးဆောင်သွားနိုင်ပါတယ်။”

မနေ့က မြန်မာအစိုးရထုတ် သတင်းစာတွေထဲမှာတော့ အခုလွှတ်တော်တွေဟာ ပြီးခဲ့တဲ့ လမ်းပြမြေပုံကို လက်မခံတဲ့ လူနည်းစုလေးကလွဲလို့ တနိုင်ငံလုံး အတိုင်းအတာ ပြည်ထောင်စုအားလုံး၊ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အတိုက်အခံတွေ တွေးသလို အမျိုးသား ရင်ကြားစေ့ရေးဟာ လက်တလော အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာလို့ မြန်မာအာဏာပိုင်တွေဘက်ကတော့ ယူဆပုံ မရပါဘူး။ ဒါကြောင့်ထင်ပါတယ်၊ နိုင်ငံရေး လှုပ်ရှားသူတွေကတော့ လာမယ့် အစိုးရသစ်၊ လွှတ်တော်သစ်ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို အလေးပေး ကိုင်တွယ်မယ့် လက္ခဏာ အခုအချိန်အထိ ရေးရေးတောင် မမြင်ရသေးဘူးလို့ ယူဆကြပါတယ်။