ထိုင်းနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ NLD အစိုးရထုတ် သတင်းစာ အယ်ဒီတာ အာဘော်မှာ ဝေဖန်ရေးသားလိုက်ပါတယ်။ အကယ်၍ သြဂုတ်လ (၇) ရက်နေ့မှာ ကျင်းပမယ့် ဒီဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုခဲ့မယ်ဆိုရင် ထိုင်းရဲ့ ဒီမိုကရေစီဟာ တဆင့်နိမ့်ပြီး အကန့်အသတ်များတဲ့ပုံစံ ဖြစ်သွားမယ်လို့လည်း သတိပေးရေးသားထားပါတယ်။
စစ်အစိုးရ အုပ်ချုပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေး ဘက်ကနေ မြန်မာအစိုးရထုတ် သတင်းစာက ထောက်ခံရေးသားထားတာ ထူးခြားတယ်လို့လည်း သုံးသပ်သူတွေရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။
“ထိုင်းနိုင်ငံနှင့် ဒီမိုကရေစီအလားအလာ” ဆိုတဲ့ခေါင်းစဉ်နဲ့ သြဂုတ်လ (၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ထိုင်းမှာ စစ်တပ်က ရေးဆွဲထားတဲ့အခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီစနစ်ကို အကန့်အသတ်ဖြစ်စေတယ်ဆိုပြီး ဝေဖန်ထားပါတယ်။ အခုလို မြန်မာအစိုးရထုတ် သတင်းစာက ရေးသားချက်ဟာ ထူးခြားကြောင်း ထိုင်း-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူလည်းဖြစ်၊ ISP ခေါ် မဟာဗျူဟာနှင့် မူဝါဒရေးရာ အင်စတိကျု ရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက အခုလိုသုံးသပ်ပါတယ်။
"ကျနော်မြင်တာတော့ စိတ်ဝင်စားစရာ တခုလို့ပြောလို့ ရပါတယ်။ အထူးသဖြင့်တော့ ဟို လွတ်လပ်တဲ့ သတင်းမီဒီယာ ဆိုတာလို သူတွေ့ရင် မတော်ရင် မတော်တဲ့ အတိုင်း ဝေဖန်ပြောဆိုတာ ရှိမှာပေါ့။ ဒါပေမယ့် ထူးခြားတာ တခုကတော့ မြန်မာ့အလင်း သတင်းစာက သိတဲ့ အတိုင်းဘဲ ဟို State Media ပေါ့လေ နိုင်ငံတော်ပိုင် သတင်းမီဒီယာ ဖြစ်နေတော့ ဟို ဒီတခုဘဲ စိတ်ဝင်စားစရာ ရှိတာပါ။"
ထိုင်းစစ်တပ်ကရေးဆွဲထားတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ဒီမိုကရေစီစနစ်နဲ့ပတ်သက်လို့ အားနည်းချက်တွေ ပါဝင်နေကြောင်း ဦးအောင်သူငြိမ်းကပြောပါတယ်။
"ပြောရမယ်ဆိုလို့ ရှိရင် ဒီမိုကရေစီ မကျတဲ့ ကိစ္စတော်တော်များများ ပါပါတယ်။ ပါတယ်ဆိုတာ အထူးသဖြင့် ဆီးနိတ် လို့ ခေါ်တဲ့ အထက်လွှတ်တော်မှာ ဒါ ရွေးချယ်တင်မြှောက်မခံရတဲ့သူချည်းဘဲ အများစု ပါနေတယ်ပေါ့နော်။ ဆိုတော့ နောက်တခါ သူတို့က ဘာဖြစ်လာလဲ ဆိုတဲ့အခါကျတော့ ဝန်ကြီးချုပ် ဖြစ်တဲ့သူက ရွေးချယ်တင်မြှောက်ခံရသူလည်း ဖြစ်နိုင်တယ်၊ မတင်မြှောက်ဘဲနဲ့ခံရတဲ့သူကိုလည်း ဝန်ကြီးချုပ်အဖြစ် တင်နိုင်တယ်။ ဒါမျိုးတွေက ဒီမိုကရေစီ ပေတံနဲ့ တိုင်းရင်တော့ လိုအပ်ချက်တွေ ရှိပါတယ်။ နောက် အထူးသဖြင့် ဆိုးတာကတော့ အခုလက်ရှိ လက်ရှိ ဖွဲ့စည်းပုံ အခြေခံနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေ သိအောင် လုပ်တာမျိုး မဟုတ်ဘူးပေါ့နော်။ ဆိုလိုတာက အရင်တုန်းကဆိုရင် ကျနော် တွေ့ဖူးပါတယ်။ အိမ်တိုင်းစေ့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်တွေ လိုက်ပို့တာမျိုးပေါ့။ အခုဟာကတော့ ရှင်းပြချက်ကလည်း နည်းနည်းဘဲ ရှိတယ်။ နောက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ အကျဉ်းချုပ်သဘောမျိုးဘဲ ပြည်သူကို ချပြတဲ့ဟာမျိုး တွေ့ပါတယ်။ "
ဒါအပြင် သြဂုတ်လ (၇)ရက်နေ့မှာ ကျင်းပမယ့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲမှာလည်း ကြိုတင်စစ်တမ်းကောက်ယူချက်တွေ အရ ပြည်သူတွေရဲ့ ထောက်ခံမှု နည်းကြောင်း တွေ့ရတယ်လို့လည်း ဆိုပါတယ်။
" ထိုင်းနိုင်ငံမှာတော့ opinion polls လို့ခေါ်တဲ့ ဆန္ဒကောက်တဲ့ဟာတွေရှိပါတယ်။ ရှိတဲ့ခါကျတော့ ဖွဲ့စည်းပုံကို ထောက်ခံမယ်ဆိုတဲ့သူက နည်းပါတယ်။ အခုအချိန်မှာ သဘောထားမပေးသေးဘူးဆိုတဲ့ သူကပဲများပါတယ်။ ဆိုတော့ ကျနော်ထင်တယ် ၄၀%လောက်ရှိတယ်လို့ထင်တယ်။ အဲ့တော့ ယေဘူယျအားဖြင့် ကျနော် ပြောရဆိုရသလောက်တော့ ထိုင်းမိတ်ဆွေတွေနဲ့ပြောတဲ့အခါကျတော့ အခုနကလို အခုသဘောထားမပေးသေးဘူးဆိုတဲ့သူတွေက တကယ်မဲပေးရင် ကန့်ကွက်မဲဖြစ်သွားနိုင်တယ်ဆိုတဲ့သုံးသပ်ချက်မျိုးတွေရှိပါတယ်။ "
မြန်မာ့အလင်း အယ်ဒီတာအာဘော်မှာလည်း ဒီအခြေခံဥပဒေမူကြမ်းကို နိုင်ငံရေးပါတီတွေနဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေက ဆန့်ကျင်ထားကြောင်း ရေးသားထားပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ထိုင်းရပ်ထိုင်း ပါတီက ခေါင်းဆောင်တွေက ဖွဲ့စည်းပုံမူကြမ်းအပေါ် ဝေဖန်ချက်တွေကိုလည်း ဖေါ်ပြထားတာပါ။
အခုလို မြန်မာအစိုးရထုတ် သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးအလား အလာနဲ့ပတ်သက်လို့ ရေးသားချက်တွေဟာ NLD အစိုးရရဲ့ သဘောထားကို ထင်ဟပ်မှုရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ မြန်မာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ရော ပြန်ကြားရေးဝန်ကြီးဌာနဘက်က အတိအကျ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
Your browser doesn’t support HTML5