သမ္မတ မှတ်ချက်ပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း လွှတ်တော်မှာဆွေးနွေး

လွှတ်တော်အစည်းအဝေးများ ကျင်းပနေစဉ်

သမ္မတဦသိန်းစိန် ပြန်လည် ပြင်ဆင်ပြီး လွှတ်တော်ကို ပြန်လည် ပေးပို့ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ ရဲ့ ပြင်ဆင်ချက် တချို့အပေါ်မှာလည်း လွှတ်တော် အမတ်တွေရဲ့ စိုးရိမ်မှုက ရှိနေသလို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်နယ် တိုင်းဒေသကြီး အစိုးရတွေကို အခြေခံ ဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးအတိုင်း လုပ်ပိုင်ခွင့်တွေ ပေးဖို့ အဆိုကို တင်ခဲ့ကြပါတယ်။ အမျိုးသား လွှတ်တော်မှာတော့ ပင်လယ် ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ကို အတည်ပြုလိုက်ကြပါတယ်။ ဒီကနေ့ ပြန် စတင်တဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း ဆောင်ရွက်ခဲ့မှုတွေကိုတော့ မသိင်္ဂ ီထိုက်က လွှတ်တော် အမတ်တွေနဲ့ ဆက်သွယ်စုံစမ်းထားပါတယ်။

ဒီကနေ့ တနလာၤနေ့မှာ ပြန်လည် စတင်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာတော့ သမ္မတ ဦးသိန်းစိန်က ပြန်လည် ပြင်ဆင်ချက် ၁၁ ချက်နဲ့ လွှတ်တော်ကို ပြန်လည် ပေးပို့လိုက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်က အတည်ပြု ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို သမ္မတ ဦးသိန်းစိန် ပြင်ဆင်ထားတဲ့ အချက်အလက်တွေကိုတော့ လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“သမ္မတပြန်ပြင်တဲ့အချက်က ၁၁ချက်တောင် ရှိတယ်လေ။ တချို့ဟာတွေကလည်း စာလုံးလေးတွေ ပြင်တဲ့သဘောမျိုးရှိပါတယ်။ သိပ်ပြီးတော့ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ အဓိကကတော့ နည်းဥပဒေ အတိုင်းဆိုတဲ့ စကားလုံးကိုပဲ ခဏ၊ ခဏ သုံးထားတာတွေ့တယ်။ နိုင်ငံခြားနဲ့ရင်းနှီးမြုတ်နှံမှုဆိုင်ရာ နည်းဥပဒေပြဌာန်းတဲ့အတိုင်း ဆိုတော့ နည်းဥပဒေပဲ ပြန်ပြီးတော့ ညွှန်းထားတော့ နည်းဥပဒေ ဘယ်လို ထွက်လာမလဲတော့ မသိဘူးလေ။ ဒီမှာ တိတိကျကျ ပြဌာန်းလိုက်ဖို့ဆိုရင် နည်းနည်းအခက်အခဲရှိမှာစိုးလို့ ထင်ပါတယ်။ နည်းဥပဒေအတိုင်း နည်းဥပဒေအတိုင်း နည်းဥပဒေက ဘယ်တော့ ထွက်လာမလဲ မသိသေးဘူးပေါ့။ ဆိုတာတော့ ဆိုလိုတာက ဝန်ကြီးဌာနကို အတိအကျ စည်းကမ်းသတ်မှတ်ချက်တွေကျတော့ လုပ်ပိုင်ခွင့်ပေးထားတယ်ပေါ့ဗျာ။ အဲ့တာမျိုးပါ။”

ဒီပြင်ဆင်ချက်မှာ ရင်းနှီးမြှုပ်နှံမှု အချိုးအစားကို အရင်က ရာခိုင်နှုန်းလိုက် သတ်မှတ်ထားတာကို နှစ်ဘက် ညှိနှိုင်းနိုင်တဲ့ အနေအထားဖြစ်စေဖို့လည်း သမ္မတက ပြင်ဆင်ထားပါတယ်။ ဒီပြင်ဆင်ချက်ကတော့ နှစ်ဘက် ရင်းနှီးမြှုပ်နှံသူတွေ အတွက် ပိုပြီး အဆင်ပြေနိုင်ပေမယ့် တဖက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီကို လုပ်ပိုင်ခွင့် ပေးအပ်တဲ့ ကိစ္စမှာ တော့ ထိန်းချုပ်မှု ရှိဖို့လိုတယ်လို့လည်း လွှတ်တော် အမတ် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ဆိုပါတယ်။

“ ရင်းနှီးမြုပ်နှံမှုဥပဒေတွေနဲ့ပတ်သက်ပြီး အခုပြင်ဆင်တဲ့ ဥပဒေအချက်အလက်တွေက ပိုပြီး လွတ်လပ်သွားစေဖို့ ရည်ညွန်းတယ် ဆိုတာမျိုးတော့ ကျနော်တွေ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရာနူန်းတွေနဲ့ကန့်သတ်ထားတာတွေကို ဖြုတ်လိုက်တဲ့အတွက် ဒီဟာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လာရောက်လုပ်မယ့်သူတွေအတွက် ချောချောချုချု လာရောက်လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါတချက်ပါ။

ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကော်မတီကို ထိန်းကြောင်းအားနည်းနေရင် ဒီကော်မတီဟာ လုပ်ချင်ရာ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေရပြီး ကော်မတီဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို လိုသလိုဆောင်ရွက်သွားမှာကိုတော့ ကျနော်တို့ စိတ်ပူပါတယ်။ နိုင်ငံတော် ကသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ဥပဒေပုံစံတရပ်နဲ့ ထိန်းပေးဖို့ ကျနော်တို့ ကြိုးစားရလိမ့်မယ်။”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်လိုတဲ့ လွှတ်တော် အမတ်တွေ အနေနဲ့ ဒီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းဖို့လည်း ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အသိပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ အခြေခံဥပဒေမှာ ပေးထားတဲ့ အခွင့်အရေး အပြည့်အ၀ မရသေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ ကိစ္စကို အဆိုတင်ခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ အနေနဲ့ အောက်ခြေ ဝန်ထမ်းတွေကို စီမံခန့်ခွဲခွင့် ပေးဖို့ ပြည်ထောင်စု အစိုးရကို တောင်းဆိုကြောင်း အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဒီမောဆိုး လွှတ်တော်အမတ်က တင်သွင်းခဲ့တာပါ။ ဒါကိုတော့ ပြည်ထောင်စု ဝန်ကြီးနဲ့ တိုင်ပင် လုပ်ဆောင်ပါ ဆိုပြီး လွှတ်တော် ဥက္ကဌက မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ပေးပေမယ့် လွှတ်တော်တွင်း ဆွေးနွေးမှုတော့ မလုပ်နိုင်ခဲ့ပါဘူး။ ပြည်နယ် တိုင်းဒေသကြီး အစိုးရတွေမှာ လုပ်ပိုင်ခွင့်မရှိတဲ့ အနေအထားကို ဦးဖေသန်းက အခုလို ပြောပြပါတယ်။

“အဲ့တာက ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ပေးလိုက်ရင် ပြီးရော၊ ဒီကိစ္စတွေက။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း လွှတ်တော်တွေမှာ တင်တဲ့အခါမှာ ဘာမဟုတ်တာလေးကို တင်နေတယ် ဆိုပြီး ပြည်သူလူထုကလည်း လွှတ်တော်ကိုယ်စားလှယ်နဲ့ မထိုက်တန်တဲ့၊ မလုပ်သင့်တဲ့ အလုပ်တွေကို လုပ်နေတယ်လို့မြင်တယ်။

တဖက်မှာ ကျနော်တို့ကလည်း ကိုယ့်ပြည်နယ် ကိုယ်တိုးတက်စေချင်လို့ ကျောင်းလေးတကျောင်း၊ လမ်းလေးတလမ်း အဲ့လိုလျောက်ပြီး တောင်းနေရတာ။ လူမြင်တယ်ပေါ့ဗျာ။ မဟုတ်တဲ့ သေးသေးမွှားမွှားကိစ္စကို။ တကယ်တမ်း ပြည်နယ်ကို လုပ်ပိုင်ခွင့်ပေးလိုက်ရင်ပြီးရော။ အခုက ပြည်ထောင်စုကပဲ အားလုံးချုပ်ကိုင်ထားသလိုဖြစ်နေတော့ ပိတ်သွင်းမယ်ဆိုရင်လည်း ပိတ်သင့်တဲ့အဆိုတခုဖြစ်ပါတယ်။"

အမျိုးသားလွှတ်တော်မှာတော့ ပင်လယ် ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ပင်လယ် ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေက ကမ်းနီး ငါးဖမ်း လုပ်ကွက်တွေ မှာ ခိုးယူ ငါးဖမ်းနေမှုတွေကြောင့် ငါးလုပ်ငန်း ဦးစီးဌာနရော တပ်မတော် ကပါ ကြီးကြပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အဆိုကို ကန့်ကွက်သူ မရှိ ထောက်ခံ အတည်ပြုခဲ့တယ်လို့လည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

“ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဌကြီးကနေ ဒီအဆိုဟာ အင်မတန်အရေးကြီးတယ်။ ပင်လယ်ပြင်လုံခြုံရေးနဲ့လည်း ပတ်သတ်တယ်။ ကုန်းတွင်းသတ္တဝါ မွေးမြူရေးလုပ်ငန်း ပြီးရင် ဒီရေသတ္တဝါတွေ နောက်ပိုင်း အဓိက အားထားရမှာဖြစ်တယ်။ ဒါကြောင့် ကမ်းနီး၊ ကမ်းဝေး လုံခြုံရေး အရေးကြီးတယ်။ အဓိကကတော့ ခိုးဖမ်းတာကအစပေါ့လေ။ အဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ မဟာဗျူဟာတခုပေါ့လေ။ အမျိုးသားမွေးမြူရေး ဆိုင်ရာပေါ်လစီတခု ချဖို့လိုတယ်ဆိုတဲ့ သဘောပါ။ ရေတပ်၊ လေတပ်တို့ကလည်း လိုအပ်ရင် လိုအပ်သလို ဖမ်းဆီးတဲ့နေရာတွေကို ချက်ခြင်း အရေးယူဖို့လိုမယ်။

ပြည်တွင်းငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကလည်း GPS တို့၊ တခြားမြန်နှုန်းမြန်တဲ့ ဆက်သွယ်ရေးကိရိယာတွေ သုံးပြီးကာမှ ငါးလုပ်ငန်းဦးစီးနဲ့ တခြားလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးကာမှ ခိုးယူဖမ်းဆီးခြင်း မရှိစေဖို့အတွက် လိုအပ်သလို ကာကွယ်ဖို့လိုတယ်။ မြန်မာရေသယံဇာတ မဆုံးရှုံးဖို့အတွက် အင်မတန်မှ အရေးကြီးတဲ့အချိန်ကို ရောက်ပြီဆိုကာမှ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆောင်ရွက်ဖို့ ထပ်လောင်း သူ့ရဲ့တင်ပြ ပြောဆိုချက်တွေနဲ့ ခုနအဆိုကို အတည်ပြုပါတယ်။”

မြန်မာ့ ပင်လယ် ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ဧရာဝတီနဲ့ မြိတ်ထားဝယ် ကမ်းရိုးတန်းတွေမှာ ရေမိုင် ၁၀ မိုင်ထိကို ကမ်းနီး ငါးဖမ်း လုပ်ကွက်လို့ သတ်မှတ်ထားပေမယ့် ရခိုင် ကမ်းရိုးတန်းမှာတော့ ရေမိုင် ၅ မိုင်ထိကိုဘဲ ကမ်းနီးလုပ်ကွက်လို့ သတ်မှတ်ပေးထားတာပါ။ ကမ်းဝေး လုပ်ကွက်တွေ ကတော့ ရေမိုင် ၂၀၀ အထိ ဖြစ်ပါတယ်။