သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံ

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလကျရင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်ခင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ငြိမ်းချမ်းရေးမရရှိဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာကို အလေးအနက်ထားပြီးပြောကြားလိုပါတယ်။ ဒါကြောင့်တနိုင်ငံလုံးငြိမ်းချမ်းရေးကို ကောင်းမွန်မှန်ကန်တဲ့ ဆန္ဒနဲ့ ဝိုင်းဝန်းဆွေးနွေးကြဖို့ ကျနော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အခု စက်တင်ဘာလ မကုန်ခင်မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီကနေ့အစီးအဝေးမှာဘဲ ကျနော်တို့အားလုံး ညှိနှိုင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း သမ္မတဦးသိန်းစိန်က အဲဒီလိုပြောသွားတာဖြစ်ပြီး ဒါဟာဖြင့် ရွေးကောက်ပွဲ အတွက် တရားဝင်မဲဆွယ်စည်းရုံးမှု စတင်ပြီးတဲ့နောက် အများပြည်သူရှေ့ သမ္မတဦးသိန်းစိန် ပထမဆုံး စကားပြောတာပါ။ ၂ နှစ် နီးပါးကြာနေပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ တဒါဇင်ကျော်ထဲက ငါးဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံတာပါ။

အခုလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်ဖို့ နေပြည်တော်မှာ ဆွေးနွေးနေကြချိန်မှာပဲ တအာင်းပလောင်တပ်ဖွဲ့၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ၊ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် အကြား ရှမ်းပြည်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။