RSF သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၁၇၃ နေရာမှာရှိ

RSF သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၁၇၃ နေရာမှာရှိ (၂၀၂၃)

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖျက်သိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းလာခဲ့တာလို့လည်း ပြောပါတယ်။ စစ်ကောင်စီဟာ တချိန်တုန်းကလို ဆင်ဆာဖြတ်တောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းမယူနိုင်အောင် ဟန့်တားတာတွေ တိုးမြှင့်လုပ်လာခဲ့ကြောင်းလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းမှာ ဖော်ပြခဲ့တာပါ။

စစ်ကောင်စီရဲ့ အာဘော်အတိုင်း မဖော်ပြတဲ့ သတင်းသမားတွေ အပေါ်မှာ အကြမ်းဖက်နှိမ်နင်းတဲ့ မူဝါဒကို စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောင်ပြောင်တင်းတင်း ကျင့်သုံးလာတယ်လို့လည်း စွပ်စွဲထားပါတယ်။ တပ်မတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတွေ အပါအဝင် လိုရာဆွဲ အရေးယူနိုင်တဲ့ ဥပဒေတွေကိုလည်း သတင်းသမားတွေကို ဖိနှိပ်ရာမှာ အသုံးချနေတယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ငန်းဟာ အန္တရာယ်ကြီးတဲ့ အလုပ်တခုဖြစ်လာနေပြီး ဖမ်းဆီးထောင်ချတာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရတဲ့အထိ ကြုံနေရတယ်လို့လည်း ဖော်ပြထားတာပါ။ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေ ဒုတိယအများဆုံး ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းမီဒီယာသမား ၇၅ ယောက် ရှိတယ်လို့လည်း RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

RSF သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၁၇၃ နေရာမှာရှိ