မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ပိုများလာ

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမြင်ကွင်း (မတ် ၁၃၊ ၂၀၁၂)

၂၀၁၃ ခု နှစ်ကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရလို့ သမ္မတဦးသိန်းစိန်က ကတိပေးပြီးတဲ့နောက် ၂၀၁၃ နှစ်ကုန်ကစလို့ နိုင်ငံရေးအကျဉ်းသားဦးရေ နောက်ထပ် ၄ ဆ တိုးလာတယ်လို့ နိုင်ငံရေးအကျဉ်းသား လှုပ်ရှားသူတွေက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ပုဒ်မအမျိုးမျိုးတပ်ပြီး ဆက်ဖမ်းနေတာဟာ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ယုတ်လျော့နေတာကို ပြသရာရောက်တယ်။ ဒါကြောင့် သမ္မတကိုယ်တိုင်က ပေးထားတဲ့ ကတိကို တည်ပါလို့ တောင်းဆိုကြပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းမှာ တယောက်မကျန် အကုန်လွှတ်ပေးမယ်လို့ သမ္မတက ကတိပေးခဲ့ပေမဲ့လို့ နှစ်ကုန်မှာတော့ နိုင်ငံရေးအကျဉ်းသားဦးရေ ၃၀ လောက် ကျန်ရှိခဲ့ပါတယ်။ သူတို့ကိုလွှတ်ပေးဖို့ ဆက်တောင်းဆိုနေချိန်မှာပဲ ၂၀၁၃ နှစ်ကုန်ကစလို့ မြန်မာနိုင်ငံတဝှမ်း နိုင်ငံရေးအကျဉ်းသား ၆၀ အထိန်းသိမ်းခံရပြီး တက်ကြွလှုပ်ရှားသူ (၈၅) ဦး တရားစွဲဆိုခံရလို့ လက်ရှိတရားရုံးတွေမှာ အမှုရင်ဆိုင်နေကြရပါတယ်။ နောက်ဆုံး၂၀၁၄ မေလကုန်မှာဆိုရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၆ ဦး ထောင်ချခံလိုက်ရပါတယ်။

ဒီလိုသာ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဆက်ဖမ်းနေမယ်။ ဖမ်းဆီးခံရတဲ့နှုန်းကလည်း ဆက်တိုးလာနေမယ်ဆိုရင် သမ္မတဦးသိန်းစိန်အနေနဲ့ ကိုယ်ပေးတဲ့ကတိ ကိုယ်ဖောက်ဖျက်တာပဲလို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားဦးရေဟာ ၄ ဆလောက် တိုးလာနေတဲ့ အနေအထားဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။

“လောလောဆယ် နိုင်ငံရေးအကျဉ်းသား ပြီးခဲ့တဲ့နှစ်ကုန်မှာ အယောက် ၃၀ ကျန်တယ်။ နိုင်ငံရေးပုဒ်မတွေလို့ သတ်မှတ်ထားတဲ့ဟာတွေကိုတော့ ဥပမာ - ၁၇ (၁) တို့၊ ၅ (ည) တို့၊ ၅၀၅ (ခ) တို့၊ ပုဒ်မ ၁၈ တို့ကို လွှတ်ပေးလိုက်တယ် ပြီးခဲ့တဲ့နှစ်က။ သို့ပေမဲ့ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့ စွဲထားတဲ့ ဥပမာ - ဒီလူကိုပဲ လက်နက်ကိုင်ဆောင်မှုတို့ အမှုတွေ ကျန်နေတဲ့ဟာတွေကို အဲ့ဒီလိုလူတွေကို ဖမ်းထားတာ အယောက်ပေါင်း ၃၀ ရှိတယ်။ အခုဟာက အယောက် ၆၀ ဆိုတော့ ဒီနှစ်ထဲမှာ အခု ဖမ်းထားတဲ့ လူကလည်း ၈၅ ဦး ဖြစ်နေတယ်ဆိုတဲ့အခါကျတော့ သိပ်မကြာခင် ကာလမှာပဲ နောက်ထပ် ၄ ဆ ဖြစ်လာဖို့ ရှိတယ်ဆိုတဲ့ သဘောမျိုး ဖြစ်တာပေါ့လေ။”

သမ္မတရဲ့ လမ်းညွှန်ချက်နဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေ လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနိုင်ဖို့ ဆောင်ရွက်နေကြချိန်မှာပဲ အခုလို အစိုးရဘက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထိန်းသိမ်း တရားစွဲဆို ထောင်ချနေတဲ့ အခြေအနေဟာ လက်ရှိ အစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း အားနည်းလာနေတာကို ပြသရာရောက်တယ်လို့လည်း ကိုတိတ်နိုင် က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ရေးကလည်း အစိုးရနဲ့ နိုင်ငံရေးအင်အားစုတွေကြား နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရအပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်က အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသား လှုပ်ရှားသူတွေက ထောက်ပြပါတယ်။

“ဒီလိုမဖြစ်အောင်လို့ကတော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျနော်တို့ ဒီ နှစ်ဦးနှစ်ဘက် အားလုံးက သဘောတူညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တခု ဖြစ်ဖို့ လိုတယ်။ ဒီဖွင့်ဆိုချက်အပေါ်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းဆိုတဲ့ကိစ္စကို ကျနော်တို့က ပြောလို့ရတယ်။ အခုက ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ ပြောပေမဲ့ ဒီအစိုးရအဖွဲ့က သူတို့ရဲ့ ပေတံနဲ့ မဟုတ်ဘူးဆိုပြီး ပြောချင် ပြောနေတဲ့ကိစ္စမျိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။ အဲ့ဒါကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ဖို့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ပိုပြီးတော့ အရေးကြီးတယ်၊ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး ကျနော်တို့ ကြိုးစားပြီးတော့ အရေးတကြီး ဆွဲဖို့လိုတယ်။ ပုဒ်မတွေပေါ့ ဒီ ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ) တို့၊ ၅ (ည) တို့၊ ၁၇ (၁) တို့ စသဖြင့် ဒီပုဒ်မတွေက ပြီးခဲ့တဲ့နှစ်က လွှတ်ပေးလိုက်ပေမဲ့ ဒီပုဒ်မတွေက ဖျက်တာမဟုတ်ဘဲနဲ့ ဒီပုဒ်မတွေက ဆက်ပြီး ရှိနေတယ်။ အခု ခံရတဲ့လူတွေကလည်း ဒီပုဒ်မတွေနဲ့ပဲ ဆက်ပြီးတော့ ဖမ်းဆီးခံနေရတယ်ဆိုတော့ကာ နိုင်ငံရေးအကျဉ်းသားဖြစ်စေမယ့် ပုဒ်မမျိုးတွေကို ပြင်ဆင်တာတို့၊ ဒီပြောင်းလဲတာတို့ ပယ်ဖျက်တာတို့ လုပ်ရမယ်လို့ ကျနော်တို့ကတော့ အဲ့လို တိုက်တွန်းထားပါတယ်။”

သမ္မတရဲ့လမ်းညွန်ချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ပါဝင်စေလိုတဲ့အတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကနေ သမ္မတကို တင်သွင်းလာတဲ့ စာရင်းပါ ဦးရေအတိုင်း စိစစ်ပြီးတော့ လွှတ်ပေးနေတာ ဖြစ်တယ်လို့ ပြောဆိုနေချိန်မှာပဲ တခြားတဖက်မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပုဒ်မခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ဆက်လက် ဖမ်းဆီးနေတာဟာ အပြောနဲ့အလုပ် မညီတဲ့လုပ်ရပ် ဖြစ်နေတယ်လို့ နိုင်ငံရေးအင်အားစုတွေက ဝေဖန်ပြောဆိုနေကြပါတယ်။