နိုင်ကျဉ်း လွတ်မြောက်မှု ကန် ကြိုဆို

နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတချို့ကို အစိုးရက ပြန်လွှတ်ပေးမယ့် အစီအစဉ်ကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပေမဲ့၊ ကျန်နေသေး တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန် လွှတ်ပေးဖို့ လည်း တောင်းဆို လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက် ဟာ အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် အသိအမှတ်ပြုပေမဲ့လည်း ဆက်လက် ဖမ်းဆီးခံရသူတွေ ရှိနေဆဲဖြစ်သလို၊ အမှုရင်ဆိုင်နေရသူတွေ အများအပြား ရှိနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လည်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့ တာပါ။

အစိုးရက ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၁၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက် တဲ့ အထဲမှာတော့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် ပါဝင်ကြောင်း တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြန်လည် လွတ်မြောက်လာသူတွေက ပြောပါတယ်။ ဒီကနေ့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာတော့ သာသာနာညှိုးနွမ်းစေမှုနဲ့ ပြီးခဲ့တဲ့နှစ် ထဲမှာပဲ ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေး ခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Philip Blackwood အပြင်၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၃၃ ယောက် ပြန်လည် လွတ်မြောက်လာတဲ့ အကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ပြောပါတယ်။

ဒီကနေ့မှာပဲ ကရင်ပြည်နယ် ဘားအံထောင်ကနေ ပြန်လည် လွတ်မြောက်လာ သူတွေထဲ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇-၁ နဲ့ ဖမ်းဆီးခံထားရသူ ၁၈ ဦးလည်း ပါဝင်ပေမဲ့ ဘယ်သူတွေ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ လည်း ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အကျဉ်းသားပေါင်း ထောင်နဲ့ချီ လွှတ်ပေးခဲ့တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား တထောင်ကျော်လောက် ပြန်လည်လွတ်မြောက်လာပေမဲ့ ဆက်လက် ဖမ်းဆီးထားသူတွေ၊ အရေးယူ ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရသူတွေလည်း အများအပြား ရှိနေတုန်းပဲလို့လည်း နိုင်ငံရေး အကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။