ရန်ကုန်မြစ်ထဲ သမ္ဗာန်မှောက် ပျောက်ဆုံးနေတဲ့ အလောင်း ၈ လောင်း ရှာတွေ့

ရန်ကုန်ဆိပ်ကမ်းက မြင်ကွင်းတခု (ပုံဟောင်း)

ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ရန်ကုန်မြစ်ထဲ သမ္ဗာန်တိမ်းမှောက်ပြီး ပျောက်ဆုံးနေတဲ့ လူ ၈ ဦးရဲ့ အလောင်း တွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မနေ့က ရှာဖွေဆယ်ယူနိုင်ခဲ့တယ်လို့ ကြည့်မြင်တိုင် မီးသတ်အဖွဲ့က ပြောပါတယ်။

ဗားကရားဆိပ်ကမ်းကနေ ရေပိုင် ၅ ဖာလုံလောက်မှာ ဗုဒ္ဓဟူးနေ့က သမ္ဗာန် တိမ်းမှောက်ခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦး၊ ဆယ်ကျော်သက်နဲ့ ၂၀ ကျော် လူငယ် ၅ ဦး အပါအဝင် စုစုပေါင်း ၈ ယောက် ပျောက်ဆုံးနေတာပါ။ မနေ့က မနက်ပိုင်းမှာ အလောင်း ၅ လောင်းကို အရင် ရှာတွေ့ခဲ့တာ ဖြစ်ပြီး ကျန်တဲ့အလောင်း ၃ လောင်းကိုတော့ ညပိုင်းအချိန်ထိ ရှာဖွေခဲ့ရပါတယ်။ အလောင်းတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တဲ့အကြောင်း မီးသတ်အဖွဲ့က သူတို့ရဲ့ Facebook စာမျက်နှာကတဆင့် ထုတ်ပြန်ထားပါတယ်။

အခြေခံ သယ်ယူပို့ဆောင်ရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာမှု အားနည်းတဲ့၊ ဆင်းရဲနွမ်းပါးတဲ့ မြန်မာနိုင်ငံမှာ သမ္ဗာန်မှောက်တာတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး အခုလို လူငယ်လူရွယ်တွေ အများအပြား အရွယ်မတိုင်ခင် သေဆုံးခဲ့ကြရတာ ရှိပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံ အလယ်ပိုင်း ချင်းတွင်းမြစ်ထဲမှာ လူနဲ့ကုန်တွေ မတန်တဆ တင်လာတဲ့ စက်လှေတစီး နစ်မြှုပ်လို့ ကျောင်းဆရာနဲ့ ကျောင်းသူကျောင်းသား ကလေးငယ် အများအပြားအပါအဝင် လူ ၇၃ ဦး သေဆုံးခဲ့ရဖူးပါတယ်။ မိုးရာသီကာလဖြစ်တဲ့ အခုလိုအချိန်မှာ ရေကြောင်းသွားလာမှုတွေ ပိုပြီးအခက်အခဲ ကြုံရလေ့လည်း ရှိပါတယ်။