ရိုဟင်ဂျာတွေ ဒေသတွင်း နေထိုင်မရအောင်လုပ် ဟု AI စွတ်စွဲ

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေကို ဒေသတွင်းမှာ ရပ်တည် နေထိုင်လု့ိ မရဖြစ်ပြီး နိုင်ငံတွင်းက ထွက်သွားအောင် မြန်မာ အာဏာပိုင်တွေက လုယက်၊ ပြန်ပေးဆွဲ၊ အစာရေစာ ငတ်ပြတ်အောင်လုပ်တယ်လို့ နိုင်ငံတကာ လူ့ခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီးရဲ့ မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ဆက်လက် ရှိနေတယ်လို့ စွပ်စွဲလိုက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေကနေ ထွက်ပြေးရသူက ၆ သိန်း ၉ သောင်း နီးပါး ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ မိသားစုတွေကို လုံခြုံရေး စစ်ဆေးရေး ဂိတ်တွေမှာ လုယက်မှုတွေ ရှိနေကြောင်း၊ နောက် ရွာတွေကနေ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတောတွေ ရှိနေပြီး တခြားသူတွေပါ ကြောက်ရွံ့ ထွက်ပြေး ရစေတယ်လို့လည်း AI အဖွဲ့ကြီးက ပြောဆိုထားပါတယ်။

ဒါပေမယ့် နိုင်ငံတွင်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ အဓိက အကြောင်းကတော့ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ရိုဟင်ဂျာတွေကို စပါးရိတ်သိမ်းခွင့်မပေးတာ၊ ဈေးသွားလို့ မရ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ရယူနိုင်ရေးတို့ကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ပိတ်ပင်တားမြစ် တာတွေကြောင့် စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်မှု ဖြစ်စေတာလို့လည်း Amnesty International အဖွဲ့ကြီးက ပြောဆိုပါတယ်။

လူမှု အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP တို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်နေကြတာပါ။ ဒါပေမယ့် ကုလသမဂ္ဂ ဘက်ကတော့ ပြည်နယ်တွင်း နေရာ ဒေသတိုင်းကို လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေ ဒေသတွင်း နေထိုင်မရအောင်လုပ် ဟု AI စွတ်စွဲ