နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၁၉ ရက်ကနေ ၂၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ် လာရောက်မယ်လို့ ဗီယက်နမ်အစိုးရရဲ့ တရားဝင် Twitter စာမျက်နှာမှာ ဧပြီလ ၁၅ ရက်နေ့စွဲနဲ့ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မတွေ့ရ သေးပါဘူး။
ဗီယက်နမ်နဲ့ မြန်မာတို့ဟာ အစဉ်အလာအရ ခိုင်မာတဲ့မိတ်ဆွေတွေ ဖြစ်ကြကြောင်းနဲ့ ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် ရုန်းကန်ကြိုးပမ်းတဲ့ကာလမှာ မြန်မာဟာ ဗီယက်နမ်ကို လှိုက်လှိုက်လှဲလှဲ ကူညီပံ့ပိုးခဲ့သလို ၁၉၇၅ ခုနှစ်မှာ ဗီယက်နမ်နဲ့ သံတမန်ဆက်ဆံရေး စပြီးထူထောင်ခဲ့တဲ ပထမဆုံး အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံလည်း ဖြစ်ကြောင်း ဗီယက်နမ်အစိုးရပိုင် Voice of Vietnam (VOV) သတင်းတပုဒ်မှာ ဖော်ပြထား ပါတယ်။
၂၀၁၇ ခု သြဂုတ်လထဲမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး Nguyen Phu Trong မြန်မာနိုင်ငံကို လာရောက်ချိန်အတွင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ မိတ်ဆွေတွေအဖြစ် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မနှစ်က နိုဝင်ဘာလထဲ ဗီယက်နမ်မှာကျင်းပတဲ့ APEC အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံကို APEC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဗီယက်နမ်သမ္မတ Tran Dai Quang ရဲ့ ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
၂၀၁၆ အောက်တိုဘာလတုန်းကလည်း အဲဒီအချိန်က သမ္မတတာဝန်ယူထားတဲ့ ဦးထင်ကျော် ဟာ ဗီယက်နမ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကို သွားရောက်ခဲ့တာပါ။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၂၈ သန်းကျော် ရှိလာတာမို့ ၂၀၁၆ ခုနှစ်ကထက် ၅၂ % တိုးလာပြီး ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၂,၀၀၀ တန် စီမံကိန်း ၇၀ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ သတ္တမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်လာပါတယ်။
Your browser doesn’t support HTML5
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်သွားမည်