မြန်မာနိုင်ငံကိုမနေ့ညနေက ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ ဒီကနေ့တနင်္လာနေ့မှာ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘာတွေကိုဦးစားပေးဆွေးနွေးကြဖို့ရှိမလဲ။ NLD အစိုးရသစ်အနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဘယ်ကိစ္စတွေကို အဓိကထား ပူးပေါင်းဆောင်ရွက်သွားဖို့ရှိမလဲ။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြမှာပါ။
ထိုင်းဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ မြန်မာနိုင်ငံကို မနေ့ကရောက်ရှိလာတာပါ။ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ နောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီးတိုးတက်လာဖို့၊ အထူးသဖြင့် နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံဖြိုးတိုးတက်ရေးတို့ မှာ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို အဓိကဆွေးနွေးသွားဖို့ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အခုလိုထိုင်းနိုင်ငံက တာဝန်အရှိဆုံးခေါင်းဆောင်ရဲ့ အထူးကိုယ်စားလှယ်ခရီးစဉ်ဟာ အကောင်းအဆိုးတွေပါ ဒွန့်တွဲရှိနေတဲ့ အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးကြောင်း မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“ဒီအစိုးရအသစ်နဲ့ ထိုင်းကလည်း သူတို့ နိုင်ငံအကျိုးစီးပွားအတွက် ခိုင်မာအောင်၊ တိုးတက်အောင်လုပ်ချင်မှာဖြစ်ပါတယ်။ တချိန်ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဘက်ကလည်း ဒီ ထိုင်းနိုင်ငံကို အမှီပြုနေရတဲ့ ဒုက္ခသည်တွေရော နောက်တခါ ရွေ့ပြောင်းအလုပ်သမားတွေရော ဒီကိစ္စတွေကိုလည်း ထိုင်းအစိုးရကို အပြန်အလှန်ပြောဖို့အတွက် အခွင့်အရေးတခုရပါတယ်။ ဒါ အင်မတန်မှ အခွင့်ကောင်းတခုပါ။ နောက်အရေးကြီးတာကတော့ ထိုင်းနိုင်ငံကကြည့်လိုက်ရင် သူ့ နိုင်ငံရေးအကျိုးစီးပွားကတော့ သူ့နယ်စပ်ဒေသ ဆိုင်ရာပြဿနာတွေရယ် ၊ နောက်တခါ မြန်မာပြည်ကိုလာပြီးတော့ အကြီးအကျယ်ရင်းနှီးမြုပ်နှံထားတဲ့ ထားဝယ်စီမံကိန်းလိုကိစ္စကအစ အဲဒါက အတော်အရေးကြီးတဲ့အတွက် ထိုင်းအတွက်ကလည်း ဒီအစိုးရအတွက် အာမခံချက်တွေနဲ့ ခိုင်မာမှုတွေရအောင်လိုချင်မယ်လို့ ယူဆပါတယ်ခင်ဗျ။”
အရင်တုန်းကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိူးဖောက်တဲ့ကိစ္စတွေ၊ နှစ်နိုင်ငံနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်ရှိခဲ့တာပါ။ အခုတော့ ဒီအခြေအနေတွေကျော်လွန်ခဲ့ပြီဆိုပေမယ့် နယ်စပ်မှာ သန်းနဲ့ချီရှိနေတဲ့ တိုင်းရင်းသားဒုက္ခသည်တွေရဲ့အရေး NLD အစိုးရသစ်နဲ့ ထိုင်းစစ်အစိုးရတို့ ပူးပေါင်းဖြေရှင်းဖို့ရှိနေသေးကြောင်း ကျောင်းသားတပ်မတော် ABSDF ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်ကပြောပါတယ်။
“ထိုင်းအစိုးရရဲ့ policy က လက်နက်ကိုင်အင်အားစုတွေကို အရင်ကတည်းက မြန်မာအစိုးရနဲ့ပြေလည်စေချင်တယ်။ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အဲဒါမျိုးတွေလုပ်စေချင်တယ် တွန်းအားပေးတာမျိုးတွေရှိတယ်။ အခုကျတော့ ထိုင်းက ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို သူ့ရဲ့ မူလ နေရပ်ရင်းကို ပြန်စေချင်တဲ့သဘောထားတွေ ။ အဲတော့ အရင်လိုဒုက္ခသည်စခန်းဖွင့်တဲ့ဟာမျိုးတွေကို သိပ်ပြီးတော့ အားပေးကူညီတဲ့အနေအထားမရှိတော့ဘူး။ အဲဒီကိစ္စတွေလည်း အခုမြန်မာအစိုးရအသစ်နဲ့ ထိုင်းနဲ့ ဖြေရှင်းရတော့မယ်။”
ဒါ့အပြင် ထိုင်းနိုင်ငံမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ကိစ္စမှာ စိန်ခေါ်မှုအခက်အခဲတွေရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့
“ဦးသိန်းစိန်အစိုးရ ၅ နှစ်အုပ်ချုပ်သွားတာတောင်မှ ဒုက္ခသည်တွေနဲ့ အလုပ်သမားတွေက မပြန်လာနိုင်တဲ့အနေအထား။ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာလည်း ပြန်လာနိုင်ဖို့အရေးဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့အခင်းအကျင်းနဲ့ စီးပွားရေးတွေလိုသေးတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ အဲဒီမှာပဲ နေကြရဦးမှာ။ ဒီဟာကို မြန်မာနိုင်ငံဘက်ကလည်း တက်နိုင်သလောက် သူ့ပြည်သူပြည်သားတွေရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့ တောင်းဆိုလိမ့်မယ်။ သို့သော်လည်းထိုင်းက ဒီဟာကို ဘယ်လောက်လိုက်လျှောနိုင်မလဲဆိုတာ မသေချာဘူး။”
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း နေပြည်တော်မှာ ဒီကနေ့ ညနေ (၃)နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။