ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလစိုးရိမ်

အသစ်ရောက်လာသော ဒုက္ခသည်တွေကို နေရာချပေးနေစဉ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေကြပေမဲ့ လတ်တလော အခြေအနေမှာ ဖြစ်နိုင်ချေ အလားအလာ နည်းပါးနေဆဲဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က သတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကျော့ပြန် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ၂ လကျော် ကြာတဲ့အချိန်အထိ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆက်လက်ထွက်ပြေးနေဆဲ ဖြစ်တာကြောင့် အခုအချိန်မှာ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို ARSA အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၆၂၅,၀၀၀ အထိ ရှိနေပြီး၊ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒုက္ခသည်ပြဿနာ ဖြစ်လာနေတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က သတိပေးထားလိုက်တာပါ။ ပြီးခဲ့တဲ့လထဲမှာပဲ ဒုက္ခသည် ၃ သောင်း ထပ်မံရောက်ရှိလာသလို၊ သီတင်းတပတ်ကို ၁,၅၀၀ နှုန်းလောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆက်လက် ရောက်ရှိလာနေတာကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည်တွေ ပြန်နိုင်မယ့် အခြေအနေတွေ မရှိသေးဘူးလို့ UNHCR ဒုတိယမဟာမင်းကြီး Kelly Clements က ဒက္ကားမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“လတ်တလောမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေဟာ၊ နေရပ်ပြန်သူတွေအတွက် လုံလုံခြုံခြုံနဲ့ ရေရှည်ရပ်တည်နိုင်မယ့် အနေအထားမျိုး မရှိဘူးလို့ ပြောနိုင်ပါတယ်။ အခုသတင်းစာရှင်းလင်းပွဲ အစမှာ ပြောခဲ့သလိုပါပဲ၊ ဒုက္ခသည်တွေ ဒီနိုင်ငံထဲ ဆက်ပြီးရောက်လာနေဆဲ ဖြစ်လို့ပါ။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေကြား ဆွေးနွေးနေကြပြီး၊ လပိုင်းအတွင်း ပြန်လည်အခြေချနေထိုင်မှု အစီအစဉ်တွေ စတင်နိုင်ဖို့လည်း မျှော်လင့်ထားကြတာပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေ အနေနဲ့ နေရပ်ပြန်နိုင်လောက်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့လည်း UNHCR ဒုတိယမဟာမင်းကြီးက ပြောပါတယ်။

“ဒုက္ခသည်အများစု အနေနဲ့ နေရပ်မှာ ဘာမှမကျန်တော့သလောက်ပါ။ သူတို့အိမ်တွေ၊ ရွာတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ လူမှုအသိုင်းအဝန်းကြား နက်ရှိုင်းတဲ့ သဘောထားကွဲပြားမှုတွေကိုလည်း မဖြေရှင်းနိုင်သေးသလို၊ လူသားချင်း စာနာမှု အကူအညီတွေလည်း ပြည့်ပြည့်စုံစုံ မရှိကြပါဘူး။”

မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ပဋိပက္ခတွေက ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံနိုင်အောင် အစီအမံတွေ ချမှတ်ထားပြီး၊ လုံခြုံမှုပေးဖို့လည်း ကတိပြုထားကြတာပါ။ ဒါပေမဲ့လည်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရရဲ့ အစီအစဉ်တွေအပေါ် သံသယအမြင်သဘောထားတွေ ရှိနေကြပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ နေရပ်ပြန်သူတွေကို ဒုက္ခသည်စခန်းတွေမှာ ထိန်းသိမ်းထားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြင်ဆင်နေတဲ့ ထိန်းသိမ်းရေးစခန်းတွေ၊ ဒုက္ခသည်စခန်းတွေဟာ အမိုးအကာမရှိတဲ့ အကျဉ်းထောင်ကြီးတွေလို ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား ညှိနှိုင်းနေချိန်မှာပဲ၊ ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ ကိုယ့်သဘောဆန္ဒနဲ့သာဖြစ်ဖို့၊ လုံခြုံစိတ်ချတဲ့ အခြေအနေမျိုးဖြစ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း တိုက်တွန်းနေကြတာပါ။ ကုလသမဂ္ဂနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ Richard Horsey ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ရခိုင်ပြည်နယ်တွင်းမှာ ပြင်ဆင်စရာတွေ အမြောက်အများ ရှိနေတယ်လို့ ဆိုပါတယ်။

“ကိုယ့်သဘောဆန္ဒနဲ့အညီ နေရပ်ပြန်ရေး ဆောင်ရွက်တဲ့အခါ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ မြန်မာနိုင်ငံက ထွက်သွားတဲ့သူတွေ ပြန်လာဖို့ လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာက ကိုယ့်အိမ်ကိုယ်ယာပြန်ပြီး၊ စိုက်ရေးပျိုးရေး လုပ်နိုင်ရုံ မကဘဲ လုံခြုံရေးအတွက်လည်း အာမခံချက်ရှိဖို့ လိုပါတယ်။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ရခိုင်ပြည်နယ်က အကျပ်အတည်းကို ဖြေရှင်းရာမှာ၊ ပြန်လည်ထူထောင်ရေး၊ လုံခြုံရေးအပြင် နိုင်ငံသားအခွင့်အရေး စတာတွေကိုပါ ထည့်သွင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားကြပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလစိုးရိမ်