မြန်မာအပါအဝင် နိုင်ငံ (၄၀)မှာ လူအခွင့်အရေးသမားတွေ ခြိမ်းခြောက်ခံရ (ကုလအစီရင်ခံစာ)

Your browser doesn’t support HTML5

မြန်မာ အပါအဝင် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၄၀ မှာ လူပေါင်း ၂၂၀ ကျော်နဲ့ အဖွဲ့အစည်း ၂၅ ခု ဟာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ ခြိမ်းခြောက်ခံရတာ၊အရေးယူခံရတာတွေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ပြောလိုက်ပါတယ်။

မြန်မာ အပါအဝင် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၄၀ မှာ လူပေါင်း ၂၂၀ ကျော်နဲ့ အဖွဲ့အစည်း ၂၅ ခု ဟာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ ခြိမ်းခြောက်ခံရတာ၊ လက်တုံ့ပြန် အရေးယူခံရတာတွေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ပြောလိုက်ပါတယ်။ ဒီအချက်အလက်တွေက ၂၀၂၂ ခုနှစ် မေလ ၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဧပြီ ၃၀ အထိ မှတ်တမ်းတွေဖြစ်ပြီး အစီရင်ခံစာကိုတော့ စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်သူတွေဟာ စောင့်ကြည့်ခံနေရပြီး တရားဥပဒေအရ အရေးယူခံရတာတွေနဲ့ ရင်ဆိုင်ရသလို၊ ခရီးသွားလာခွင့် ပိတ်ပင်ခံရမှု၊ ခြိမ်းခြောက်ခံရမှုတွေကိုလည်း ကြုံတွေ့နေတဲ့အပြင် ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့ လူသား အရေး ဆောင်ရွက်တဲ့ ယန္တရားတွေမှာ ပူးပေါင်းဆောင်ရွက်လို့ ဆိုပြီး ထောင်ဒဏ်တွေလည်း အပြစ် ပေးခံနေရတယ်လို့ ဆိုပါတယ်။ “ကမ္ဘာတဝန်းမှာ လူမှုအဖွဲ့အစည်းတွေရဲ့ အခန်း ကဏ္ဍ လျော့နည်းသွားလို့ လက်တုံ့ပြန် အရေးယူမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာနဲ့ အစီရင်ခံချက်တွေ အတိအကျ ပြုစုနိုင်ဖို့ ခက်ခဲနေပြီး အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရေအတွက်က ဒီထက် ပိုမိုများပြားဖွယ်ရှိတယ်” လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် အီလ်ဇယ် ဘရန် ခဲရစ် (Ilze Brands Kehris) က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီကို တင်ပြရာမှာ ပြောပါတယ်။ အခုနှစ်အစီရင်ခံစာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ထက်ဝက်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပြီး သူတို့ဟာလည်း ပြန်လည်ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန် ခံရမှာကို စိုးရိမ်ကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။ ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ရလို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဖို့ ငြင်းဆိုတာ၊ ဒါမှမဟုတ် အမည်မဖော်ဘဲ လုပ်ကိုင်ရတာတွေ တိုးလာတာကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။