၀မ်ပေါင်ကုမ္ပဏီ တရုတ်ဝန်ထမ်း ၂ ယောက် ပြန်လည်လွတ်မြောက်

လက်ပန်းတောင်း ဒေသခံတွေက ပြန်လည်လွှတ်ပေးလိုက်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက တရုတ်ဝန်ထမ်း ၂ ဦး။ (မေ ၁၉၊ ၂၀၁၄)

တင်းမာမှုတွေ တကျော့ပြန် ကြီးထွားလာနေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံရွာသားတွေ ဖမ်းဆီးသွားတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်း ၂ ဦး အခုနောက်ဆုံး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ ဒေသခံတွေကြား သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြန်လွတ်လာခဲ့ကြတာပါ။ ပြဿနာတွေ ဆက်တိုက်ဆိုသလို ကြုံနေရတဲ့ လက်ပန်းတောင်ကြေးနီစီမံကိန်းက နောက်ဆုံး အခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အဲဒီနယ်မြေအတွင်း ခြံစည်းရိုးခတ်ပြီး စီမံကိန်းပိုင်မြေအဖြစ် တိုင်လာစိုက်တဲ့ တရုတ်ဝန်ထမ်း ၂ ဦးကို ဒေသခံတွေ ထိန်းသိမ်းထားခဲ့ပါတယ်။ အခုအခါမှာတော့ သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာချောင်သယ်ဆန်းက ပြောပါတယ်။

သူတို့ပြန်လွတ်လာတဲ့အတွက် ဝမ်းသာကြောင်း ပြောပြချင်ပါတယ်။ ဒီကနေ့ ညနေ ၇ နာရီ၊ ၁၅ လောက်မှာပဲ ပြန်လွတ်လာခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်က တောင်းဆိုမှုတွေကတော့ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့အတွက် တစုံတရာ အပေးအယူလုပ်တာ မရှိခဲ့ပါဘူး။ ဒေသခံအစိုးရက ကြိုးစားပမ်းစား ကြားဝင်ညှိနှိုင်းပေးလို့ အခုနောက်ဆုံး လွတ်လာရတာပါ - ဆိုပြီး ပြောသွားတာပါ။

မြန်မာ ဝမ်ပေါင် ကုမ္ပဏီဘက်က အပေးအယူလုပ်တာ မရှိဘူးဆိုပေမယ့် ဒေသခံတွေကတော့ သဘောတူညီချက်တချို့ရလို့ ပြန်လွှတ်ပေးလိုက်တာဆိုပြီး ဒေသခံတောင်သူ မစန္ဒာက ဆိုပါတယ်။

“ပြေလည်မှု ရသွားပါပြီ။”

မေး။ ။ ပြေလည်မှု ရသွားတဲ့ အကြောင်းရင်းလေး ပြောပြပါအုံး။

“ပြေလည်မှုရတာက ကျမတို့ ဒေသခံတွေက နောက်ထပ် လျော်ကြေးယူမထားတဲ့ လယ်ယာမြေတွေပေါ်မှာ နောက်ထပ် သွပ်ဆူးကြိုးထပ်ပြီး မခတ်ဖို့ရာရယ်၊ သွပ်ဆူးကြိုးအတွင်းမှာရှိတဲ့ လယ်ယာမြေတွေအတွက် သီးနှံဖျက်ဆီးမှု လျော်ကြေး အဲဒါကို ဖြေရှင်းပေးဖို့ရာရယ်။ ပြီးတော့ အဲဒီ ၁၈ ရက်ညကဖြစ်တဲ့ ပဋိပက္ခမှာ ဆည်တည်း၊ ဇီးတော၊ ကျောက်ဖြူတိုင်ရယ် ရွာသားတွေကို တရားဥပဒေအရ အရေးမယူပါဘူးဆိုတဲ့ ကတိနဲ့ တရုတ်တွေကို လွှတ်ပေးတာပါရှင့်။”

မေး။ ။ သူတို့ဘက်က အဲဒီဟာကို ဘယ်လို ကတိခံဝန်ချက်မျိုး ပေးလဲရှင့်။

“မီဒီယာတွေနဲ့ ကျမတို့ မှတ်တမ်းတင်ထားပါတယ်ရှင့်။”

မေး။ ။ စာချုပ် ချုပ်ပေးမယ်လို့ ပြောလား။

“ကျမတို့က တောင်းဆိုပါတယ်။ ဒါပေမယ့် အဲဒီဟာ မလိုအပ်ပါဘူး၊ တကယ်ကို လုပ်ပေးပါမယ်လို့ ပြောပါတယ်ရှင့်။”

မေး။ ။ ပြောတာက ဘယ်သူက ပြောတာလဲ။

“သတ္တုတွင်းဝန်ကြီးဌာန ဦးသန်းထိုက်က ပြောပါတယ်ရှင့်။”

မေး.။ ။ အရင်တုန်းကလည်း သူတို့ ဒီဟာကို ဖြေရှင်းပေးပါမယ်လို့ ပြောတယ်။ အခုလည်း ဖြေရှင်းပေးပါမယ်စကားက ရွာသားတွေအနေနဲ့ ယုံကြည်လက်ခံနိုင်ပြီ ဆိုတဲ့ သဘောလားရှင့်။

“ကျမတို့ကတော့ အပြည့်အဝ မယုံကြည်ပါဘူး။ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် အပေါ်မှာပဲ မူတည်ပြီးတော့ ယုံကြည်ရမှာပါရှင့်။”

မေး။ ။ အဲလိုဖြစ်ပြီးတဲ့နောက်ပိုင်း ဆည်တည်းရွာဘက်မှာ လုံခြုံရေးအင်အားတွေ ချထားတာ ရှိသေးလားရှင့်။ လုံခြုံရေးအင်အား ဘယ်လောက်လောက် ရှိသေးလဲရှင်။

“လုံခြုံရေးအင်အား ၃၀၀ လောက် ဆက်ပြီး ချထားတယ်ရှင့်။”

မေး။ ။ ရွာသားတွေဘက်ကရော စိုးရိမ်ပူပန်မှုတွေ ဆက်ရှိနေသေးလားရှင့်။

“ရှိပါတယ်ရှင့်။ အခုထိ ဆက်ပြီးတော့ ရွာလုံခြုံရေးအတွက် ညမှာ မအိပ်ဘဲနဲ့ ကင်းစောင့်နေရပါတယ်ရှင့်။”

တနင်္ဂနွေနေ့ကတော့ လုံခြုံရေးအာဏာပိုင်တွေက ဒေသခံကျေးရွာသားတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့သလို ဒေသခံတွေဘက်ကလည်း အာဏာပိုင်တွေရဲ့ ကားတွေကို ဖျက်ဆီးခဲ့ပါတယ်။ အခုအချိန်မှာ ပြေလည်မှုတွေ ရခဲ့ပြီဆိုပေမယ့်လည်း ဆည်တည်း၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ လက်ပန်းတောင် တဝိုက်မှာ ညနေပိုင်းကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီး နေရာယူထားပါတယ်။

ကြေးနီစီမံကိန်းကို မြန်မာအစိုးရက ၅၁ % နဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာ ဦးပိုင် လိမိတက်တို့က ၄၉ % ခံစားခွင့်ရဖို့ စာချုပ် ချုပ်ဆိုထားပြီး ဒေသခံတွေဘက်ကတော့ စီမံကိန်းကို ဖျက်သိမ်းပေးဖို့ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။