ပြုပြင်ပြောင်းလဲရေးစွမ်းဆောင်ရှင် အမျိုးသမီး ၂ ဦးနဲ့ ကရင်အမျိုးသမီးအဖွဲ့ကို ကန်သံရုံး ဆုချီးမြှင့်

Women of Change Award ဆု ရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Marciel

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမျိုးသမီး စွမ်းဆောင်ရွင်ဆု ဆိုပြီး အမေရိကန်သံရုံးက ဆုချီးမြင့်တာမှာ တိုင်းရင်းသား အမျိုးသမီးတစ်ဖွဲ့၊ မသန်စွမ်း အရေးဆောင် ရွက်နေသူတစ်ဦး၊ ကျန်းမာရေး အဆင့်မြင့်တင်ရေး ဆောင်ရွက်နေသူ တစ်ဦးတို့ကို ပေးအပ်ခဲ့ပါတယ်။ ကြာသပတေးနေ့ညက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေအိမ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဆုရရှိခဲ့ကြသူ တချို့ကို ဆက်သွယ် မေးမြန်းပြီး မမေခက တင်ပြပေးထားပါတယ်။

ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ပိုမို တိုးတက်ကောင်းမွန်ဖို့နဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်စေဖို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို အားပေးကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စု သန္နိဋ္ဌာန်ချထားပါတယ်။ ဒီ Women of Change Award ဆု ပေးအပ်တယ်ဆိုတာ မြန်မာနိုင်ငံက အမျိုးသမီး တော်တော်များများ ဆောင်ရွက်နေကြတာတွေထဲကမှ ထူးထူးခြားခြား ဆောင်ရွက်တာေတွေကို အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း ကြာသပတေးနေ့ညက ကျင်းပတဲ့ ဆုချီးမြင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မနှစ်ကစပြီး နှစ်စဉ်ပေးအပ်လာတဲ့ Women of Change ခေါ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေ အတွက် ပေးအပ်တဲ့ အမျိုးသမီး စွမ်းဆောင်ရှင်ဆုကို ၂၀၁၈ ခုနှစ်အတွက် KWO ကရင်အမျိုးသမီးအစည်းအရုံး၊ မသန်စွမ်းအသင်းချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်အေးသဉ္ဇာမောင်နဲ့၊ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဒေါက်တာ သက်သက်မူတို့ ၃ ဦးကို လက်ခံ ရရှိသွားပါတယ်။

ဒီနှစ်မှာ ဆုရခဲ့တဲ့ အဖွဲ့ဝင် ၆၀၀၀ ကျော်ရှိတဲ့ ကရင်အမျိုးသမီးအဖွဲ့ဟာ ကျား/မ တန်တူညီမျှရေး၊ ဒေသခံတိုင်းရင်းသား အခွင့်အရေးနဲ့ အမျိုးသမီးထုအသံတွေ ပိုမို အားကောင်းရေးတွေ ဆောင်ရွက်ပေးနေတာ အပြင်၊ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝှမ်း အကြမ်းဖက်မှုဆန့်ကျင်ရေး ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဖြစ်ကြောင်း ဆုရရှိသူများနဲ့ ပတ်သက်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆုလက်ခံရရှိသူတွေကတော့ သူတို့လုပ်မယ့် လုပ်ဆောင်မှုတွေအတွက် ဒီဆုက အားအင်သစ်တွေပေးတယ်လို့ ဆိုပါတယ်။ ဆုရသူမသန်စွမ်းသူများအသင်းချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်အေးသဉ္ဇာမောင်ကတော့ မသန်းစွမ်းသူများ ပါဝင်မှုမြင့်တင်ရေးနဲ့ အဆင့်မြင့်ပညာ သင်ကြားနိုင်ရေးတွေမှာ ထပ်ပြီး အားစိုက် လုပ်ဆောင် သွားမယ်လို့ဆိုပါတယ်။

"ဒီ Education နဲ့ ပတ်သက်တဲ့ Draft Law တွေ ရှိနေတယ်။ အဲဒီ Draft Law တွေထဲမှာ အမတို့ မသန်စွမ်းသူတွေအတွက် ဘယ်လောက်အထိ ပါနေမလဲ ပြတာပေါ့နော် Recommendation လေးတွေထုတ်တာပေါ့နော် အဲဒီဟာတော့ လွှတ်တော်ကို သွားပြီးတော့ Advocacy လုပ်တာတွေ ကျမတို့ လုပ်ပါမယ်။ နောက်ပြီးတော့ မသန်စွမ်းသူတွေကို edication တွေရနိုင်ဖို့အတွက်ကို Future Plan တွေရှိပါတယ်။ အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတယ်၊ ကျောင်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်ပေါ့နော်။"

ဆုရရှိသူ နောက်တဦးဖြစ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဒေါက်တာ သက်သက်မူဟာ လူမူ ကျန်းမာရေး စစ်တမ်း ကောက်ရာမှာ မျှမျှတတဖြစ်အောင် ပဋိပက္ခသင့် ဒေသတွေကို အရဲစွန့် သွားရောက်ခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေါက်တာ သက်သက်မူ ကတော့ သူမအနေနဲ့ ကျန်းမာရေးကဏ္ဍ အဆင့်မြင့်နိုင်ဖို့ တတ်စွမ်းသမျှ လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပြီး ဒီဆုက သူ့အတွက် အားအင်တွေ ထပ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

"သတင်းအချက်အလက်ကဏ္ဍဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက ကျန်းမာရေးသတင်းအချက်အလက်နဲ့ ပတ်သက်ပြီး အခုလက်ရှိမှာလည်း ပုံမှန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းအချက်အလက်တွေကောက်ယူတယ် နောက်ပြီးတော့ အဲဒါတွေကို စာရွက်တွေကနေ Electronic အထိရောက်အောင် ကြိုးစားပြောင်းယူနေတာဆိုရင် အခုပြည်သူ့ကျန်းမာရေး siteကဆိုရင် မြို့နယ်အဆင့်ရောက်အောင် တနိုင်ငံလုံးကို Electronic နဲ့ သွားပြီးသွားပြီ။ အခု ဆေးရုံဘက်ကို အမတို့ လှည့်နေတယ်ပေါ့နော် ပြည်သူ့ဆေးရုံတွေနည်းတူပဲ Electronic Hospital reporting ကိုထပ်လုပ်ဖို့ရှိပါတယ်။ စစ်တမ်းပေါ့နော် ဒါကိုလည်း ၅ နှစ်တကြိမ်ပေါ့နော် ၂၀၂၀-၂၀၂၁ မှာ ဒုတိယထပ်မံပြီးတော့ လုပ်ဆောင်ဖို့တော့ အမတို့ရှိပါတယ်။"

မြန်မာနိုင်ငံတွင်း လူနေမှုဘဝနဲ့ လူ့အခွင့်အရေး ပိုမို တိုးတက်လာရေး ဆောင်ရွက်နေသူတွေကို ကူညီအားပေးတဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ထူးထူးခြားခြား ဆောင်ရွက် ပေးနေသူတွေကိုပေးတဲ့ ဒီဆုကို ပြည်သူ့ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေနဲ့ အဖွဲ့အစည်းတွေကို အမေရိကန်သံရုံးက ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အခုနှစ်အတွက် ဆုချီးမြင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နေအိမ်မှာ မတ်လ ၂၂ ရက်၊ ကြာသပတေးနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပြုပြင်ပြောင်းလဲရေးစွမ်းဆောင်ရှင် အမျိုးသမီး ၂ ဦးနဲ့ ကရင်အမျိုးသမီးအဖွဲ့ကို ကန်သံရုံးဆုချီးမြှင့်