သတင်းအချက်အလက် လက်လှမ်းမီရေးနဲ့ ကျင့်ဝတ်စောင့်ထိန်းရေး

မြန်မာသတင်းပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ၂၀၁၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်။ (မေ ၃၊ ၂၀၁၄)

ဒီနစ်ပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်း သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့် အထိုက်အလျောက် ရလာပေမဲ့ သတင်းမီဒီယာတွေပေါ်မှာတော့ အစိုးရက အသိအမှတ်ပြုတဲ့အပိုင်း အားနည်းနေသလို ဖိနှိပ်မှုတွေလည်းရှိနေဆဲ ဖြစ်တယ်လို့ ဒီကနေ့ ကမ္ဘာ့စာနယ်ဇင်းနေ့မှာ မြန်မာနိုင်ငံက သတင်းစာဆရာတွေက ထောက်ပြကြပါတယ်။ အစိုးရဌာနတွေအနေနဲ့ လွတ်လပ်စွာသတင်းရယူခွင့်အတွက် ပူးပေါင်းဆောင်ရွက်ဖို့လိုသလို ပုဂ္ဂလိကသတင်းနဲ့ စာနယ်ဇင်းလောက-ကလည်း ကျင့်ဝတ်နဲ့အညီ စောင့်ထိန်းဖို့လိုတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာအပေါ် ဖြေလျော့မှုတွေရှိလာခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ပြည်တွင်း သတင်းစာဆရာ အတော်များများ လက်သင့်ခံကြပါတယ်။

စာနယ်ဇင်းနဲ့သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးနေတယ်ဆိုပေမဲ့ တစ်ဖက်မှာတော့ အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေအပေါ် အသိအမှတ်ပြောဆိုမှုပအိုင်း၊ သတင်းထုတ်ပြန်ပေးတဲ့အပိုင်းတွေမှာတော့ အရင် စစ်အစိုးရ လက်ထက်တုန်းက လိုပဲ ထိန်ချန်ကွယ်ဝှက်မှုတွေ ရှိနေသေးတယ်လို့ ပြည်တွင်းက J- School သတင်းစာ ပညာသင်တန်းကျောင်း တည်ထောင်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးရဲနိုင်မိုးက ပြောပါတယ်။

“လွတ်လပ်ခွင့်ရှိတာနဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတာနဲ့ မတူဘူး။ လွတ်လပ်ခွင့်တော့ရှိတယ်။ ဒါပေမယ့် လွတ်လပ်တဲ့သတင်းမီဒီယာက ပြည်သူကို အလုပ်အကျွေးပြုစုဖို့အတွက် အချက်အလက်မရဘူးဆိုရင် အဲဒါ တိုးတက်မှု မဟုတ်ဘူး။ တကယ်တန်း အားကောင်းတဲ့ Information Act ပေါ့ဗျာ။ သတင်းအချက်အလက် ဥပဒေလိုအပ်တယ်။ ပြီးတော့ အစိုးရဌာနတွေက စာနယ်ဇင်းလွတ်လပ်ခွင့်ကို တကယ်ကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။”

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုမှုမှာရော၊ အရှေ့တောင်အာရှဒေသအတွင်းမှာရော မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် စံနှုန်းတွေဟာ ဒီနှစ်မှာ သိသိသာသာ တိုးတက်လာတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ ဦးသီဟစောက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ သတင်းရယူခွင့် အနေအထားကတော့ ဒီကနေ့ထိ တိုးတက်လာတာတော့ မတွေ့ရဘူးလို့ သူ က ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့် အခြေအနေကတော့ ခြုံငုံပြောလို့ရှိရင်တော့ ပြင်သစ်က ညွှန်းကိန်း အရတော့ တက်လာတာပေါ့။ ၁၇၀ လောက်ကနေ ၁၄၅ ကို ရောက်လာတယ်။ ဒါပေမယ့် ၁၄၅ ဆိုတဲ့နေရာဟာ အပေါ်မှာ ၁၄၄ နိုင်ငံရှိနေတဲ့ အဓိပ္ပာယ်ပေါ့။ သတင်းလွတ်လပ်ခွင့်ရဖို့ဆိုရင် အများကြီး သွားရအုံးမယ်။ ဒါပေမယ့် အရှေ့တောင်အာရှမှာဆိုရင်တော့ အလယ်လောက်ရောက်ပြီ။ အပေါ်မှာ ထိုင်းတို့၊ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့ ရှိတယ်။ အောက်မှာ ဗီယက်နမ်တို့၊ လာအိုတို့ရှိတယ်။ အဲလိုအနေအထားရှိတယ်။ ဒါပေမယ့် ခုနက ပြောတဲ့ Access to Information နဲ့ မှုခင်းတွေပေါ့။ Access to Information ကတော့ နည်းသေးတယ်။”

ပြည်တွင်းမှာ Access to information လို့ ခေါ်တဲ့ လွတ်လပ် သတင်းရယူခွင့်မှာ အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ ပုဂ္ဂလိက သတင်းစာဆရာတွေရဲ့ ပြောဆိုမှုကိုလက်ခံသူကတော့ သမ္မတပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ဖြစ်ပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး အစိုးရပိုင်းကလည်း မီဒီယာကို ပွင့်ပွင့်လင်းလင်း သတင်းပေးဖို့လိုသလို ပုဂ္ဂလိက သတင်းမီဒီယာတွေကလည်း ကျင့်ဝတ်နဲ့ ထိန်းသိမ်းဆောင်ရွက်ဖို့ လိုမယ်လို့လည်း သူက အခုလို ပြောပါတယ်။

“မှန်တယ်၊ မှန်တယ်။ အဲဒါကြောင့် ခုနက ကျနော်ပြောတဲ့ သတင်းရယူတဲ့အပိုင်းဆိုတာပေါ့။ ကျနော်တို့ဖြစ်စေချင်တာက အစိုးရဌာနတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ကလည်း မီဒီယာတွေကနေတဆင့် သတင်းပေးခြင်းသည် သူတို့အတွက် အခွင့်အရေးတရပ်ဖြစ်တယ်၊ သူတို့ကို ပြည်သူတွေနားလည်စေနိုင်တဲ့ အခွင့်အရေးတရပ်ဖြစ်တယ်ဆိုတာကို နားလည်ပြီးတော့မှ သတင်းထုတ်ပေးဖို့လိုတယ်။ တဘက်ကလည်း စာနယ်ဇင်းသမားတွေကလည်း သတင်းရယူတဲ့အခါမှာ သတင်းရယူလိုတဲ့စိတ်နဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ နောက်တခါ တည်ဆဲဥပဒေဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးအရ ဆောင်ရွက်ရတဲ့ကိစ္စ၊ ဒီဟာတွေကြားထဲမှာ စည်းခြားထားမှုကို သေချာနားလည်နိုင်ဖို့ လိုတယ်။ အဲဒီ ၂ ခုကိုသာ ညှိနိုင်မယ်ဆိုရင် ကျနော်ထင်တယ်၊ သတင်းရယူပိုင်ခွင့်က ပြဿနာမဟုတ်ဘူး။ သတင်းမီဒီယာဥပဒေမှာလည်း အချက်အလက်တွေ ပါပြီးသားဆိုတော့ နားလည်မှုနဲ့လုပ်ဖို့ပဲလိုတယ်လို့ ကျနော်တို့ထင်တယ်။”

မြန်မာအစိုးရအနေနဲ့ သတင်းသမားတွေအပေါ် ဥပဒေမဲ့ဖမ်းဆီးအရေးယူနေတာတွေကို ချက်ချင်းရပ်တန့်ပြီး သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးဖို့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ Human Rights Watch အဖွဲ့၊ FIDH နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Alt ASEAN နဲ့ RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့တွေက တောင်းဆိုထားတာပါ။

၂၀၁၃ ဒီဇင်ဘာလကစပြီး မြန်မာအစိုးရဟာ သတင်းထောက်အတော်များများကို ရာဇတ်ဝတ်မှု၊ အသေရေဖျက်မှု စတာတွေအပါအဝင် စွဲချက်အတော်များများနဲ့ ဖမ်ဆီးအရေးယူခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးခံရတဲ့အထဲမှာ Daily Eleven သတင်းထောက် မခိုင်၊ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ၊ မဇ္ဈိမသတင်းထောက်ကိုရေခဲတို့ပါဝင်ပြီး ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက် ၄ ဦးလည်း အစိုးရရဲ့ လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် Freedom House အစီရင်ခံစာ ညွှန်းကိန်းမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ "မ လွတ်လပ်တဲ့ အခြေအနေ" မှာပဲ ရှိနေဆဲလို့ ဖော်ပြထားပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ အစီရင်ခံစာ ညွှန်းကိန်းမှာတော့ "ခက်ခဲတဲ့အနေအထား" ကိုဖြတ်သန်းနေရဆဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ နိုင်ငံတကာသတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က မြန်မာနိုင်ငံကို ဆင်ဆာတင်းကြပ်မှု အဆိုးဆုံး ၁၀ နိုင်ငံစာရင်းက ပယ်ဖျက်ပေးခြင်း မရှိသေးပါဘူး။ ဆင်ဆာအတင်းကြပ်ဆုံး ကမ္ဘာ့ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၇ နေရာရှိနေပါတယ်။

ဒီကနေ့ မေလ ၃ ရက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာပဲ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNESCO တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ "ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မီဒီယာလွတ်လပ်ခွင့်" ဆိုတဲ့ ခေါင်းစဉ်နဲ့ကျင်းပခဲ့ပြီး Sedona ဟိုတယ်မှာတော့ ပြည်တွင်းစာနယ်ဇင်းသမားများ လေးစားလိုက်နာသင့်သည့် သတင်းမီဒီယာကျင့်ဝတ်ကို ၂၇ ချက် ကို ထုတ်ပြန်တဲ့ အခမ်းအနားလည်း ကျင်းပခဲ့ပါတယ်။