အချိန်ပိုင်း အစာမစားဘဲနေခြင်း

  • ဝင်းမင်း

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိန်ပိုင်းမစားဘဲနေတာမျိုးကို စနစ်တကျဖြစ်အောင် ဘယ်လို လုပ်ရပြီး၊ အဓိကကောင်းကျိုးတွေ ဘယ်လိုရရှိနိုင်ပါသလဲ။

အချိန်ပိုင်းမစားဘဲနေတာကို ဘာသာရေးအရ အစောပိုင်းက ကျင့်သုံးလာခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျန်းမာရေးကောင်းကျိုးတွေ တွေ့ရှိလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထောက်ပြကြပါတယ်။

အခုလို အချိန်ပိုင်းမစားဘဲနေတာ (Intermittent Fasting) က လက်ရှိကမ္ဘာမှာ ပိုခေတ်စားလာပေမဲ့ ဆယ်စုနှစ်မက အရင်ကတည်းက စတင် ရေပန်းစားလာတာဖြစ်ပြီး ဘာသာရေး၊ လူမှုရေး၊ ဓလေ့ထုံးစံအဖြစ်လည်း ဟိုးအရင်ကတည်းက ရှိလာခဲ့တာပါ။ ဘာသာရေးနယ်ပယ်မှာတော့ အချိန်ပိုင်းမစားတာကို စိတ်ကိုထိန်းနိုင်အောင် အဓိကရည်ရွယ်လုပ်လာခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာကောင်းကျိုးတွေကို သိပ္ပံနည်းကျ သုတေသနတွေအရ တွေ့ရှိလာခဲ့တာပါ။ အချိန်ပိုင်းမစားတာလုပ်တဲ့ပုံစံကတော့ ဘာသာရေးအရ ဥပုသ်စောင့်ပြီး နာရီပိုင်းတချို့ (ညစာ) မစားဘဲနေတာနဲ့ တူပါတယ်။ အခုလို ဥပုသ်စောင့်တာက မြန်မာနိုင်ငံမှာ အများစုရှိတဲ့ ဗုဒ္ဓဘာသာအပြင် တခြားဘာသာတွေမှာလည်း (ဥပမာ မွတ်ဆလင်ဘာသာမှာ) ရှိထားပြီးသားပါ။

အချိန်ပိုင်း အစာမစားဘဲနေတာက တချို့လူနာတွေအတွက်လည်း ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာကုထုံးအဖြစ် ကာကွယ်နည်းတောင် ဖြစ်လာနေပါတယ်။ ဥပမာ ရောဂါတွေ ဆက်ဖြစ်စေနိုင်တဲ့ အဝလွန်တာ (Obesity) ကုသတာနဲ့ ဒီအဝလွန်တဲ့အဆင့် မရောက်ခင် ကိုယ်အလေးချိန်လျှော့ချတာတွေအတွက် အသုံးဝင်တာကို ကမ္ဘာလုံးဆိုင်ရာ သုတေသနတွေ့ရှိထားပါတယ်။ ဒါ့အပြင် ကမ္ဘာမှာရော မြန်မာမှာပါ တနှစ်ထက်တနှစ် ပိုအဖြစ်များလာနေတဲ့ ဆီးချိုရောဂါ ကာကွယ်ရေးမှာလည်း ဒီနည်းက အသုံးဝင်တာကို အလားတူ သုတေသနတွေ တွေ့ထားပြီးသားပါ။ ဆီးချိုဖြစ်တာမှာ မျိုးရိုးကြောင့်မဟုတ်ဘဲ စားသောက်နေထိုင်ပုံကြောင့် ပိုအဖြစ်များလာတဲ့ ဆီးချိုအမျိုးအစား (၂) ကို အချိန်ပိုင်းမစားတဲ့နည်းနဲ့ ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်း ဆီးချိုအပါအဝင် နာတာရှည်ရောဂါ (Chronic Diseases) တွေကြောင့် သေဆုံးမူ ပိုများလာရတာကိုလည်း အချိန်ပိုင်းမစားတဲ့နည်းနဲ့ လျှော့ချပေးနိုင်ပါတယ်။ သွေးတိုး (Hypertension) အပါအဝင် နှလုံးနဲ့ သွေးကြောရောဂါတွေ (Cardiovascular Diseases)၊ ကင်ဆာရောဂါ၊ အရိုးအကြောရောဂါ စတာတွေကြောင့် အချိန်မတိုင်ခင် သေဆုံးမှုတွေ လျှော့ချနိုင်အောင် ဒီနည်းက အထောက်အကူပြုတာကို သုတေသနေတွေမှာ တွေ့ရှိထားပါတယ်။ တချိန်တည်းမှာ ဘဝကိုရုန်းကန်နေရပြီး အစားအစာကို နပ်မှန်အောင် မနည်းစားနေရသူတွေအတွက် ဒီနည်းက လက်တွေ့မကျသလို ခံစားနိုင်ရပေမဲ့ အထက်ပါ ရောဂါကြီးတွေကြောင့် သေဆုံးနေရတာတွေကလည်း တဘက်မှာ ပိုတိုးလာနေတာမို့ အထောက်အကူပြုနိုင်တဲ့ ဒီနည်းကိုအန္တရာယ်မဖြစ်ဘဲ သုံးတတ်အောင် သိထားသင့်ပါတယ်။

ဒီအကြောင်း ပိုမို သိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Your browser doesn’t support HTML5

အချိန်ပိုင်း အစာမစားဘဲနေခြင်းရဲ့ အကျိုးကျေးဇူးများ