ဆေးလိပ်ဖြတ်ဖို့အတွက် စဉ်းစားကြံရွယ်တာနဲ့ စတင်ပြင်ဆင်တာအပြင် တခြားအနေအထားတွေလည်းရှိသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အနေအထားအမျိုးမျိုးအတွက် အကူအညီပေးတဲ့ အင်တာနက် ဝန်ဆောင်မူ Application တွေကို Website နဲ့ Facebook စတာတွေမှာ တင်ထားပါတယ်။ Google သိချင်တာ ရှာပေးနိုင်တဲ့နေရာမှာ Quitting Toolkit (ဖြတ်ဖို့အထောက်အကူ) လို့ ရိုက်လိုက်လျှင် WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ထွင်ထားတဲ့ Application တွေ့ရပြီး၊ မိမိလက်ကိုင်ဖုန်း (Smart Phone) မှာဖြစ်ဖြစ် သွင်းယူဖွင့်ထားနိုင်ပါတယ်။ အလားတူ အင်တာနက် Application မျိုးကို နိုင်ငံတကာ ဆေးတက္ကသိုလ်တွေနဲ့ အဖွဲ့အစည်း (Institute) တွေကလည်း ဖန်တီးပေးထားပါတယ်။ အဲဒီ Application တွေက မေးခွန်းတွေ (မိမိဆေးလိပ်သောက်မူ ပမာဏနဲ့ အမူအကျင့်အပါအဝင်) ကို ဖြေပေးလိုက်ခြင်းဖြင့် မိမိလိုအပ်တဲ့ အစီအစဉ်ကို စပြင်ဆင်ပေးတာအပြင်၊ အပြန်အလှန် တိုင်ပင်ဆွေးနွေးပေးတဲ့အထိ လူကိုယ်တိုင်သွားစရာမလိုဘဲ အကူအညီရနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အနေအထား ၄ မျိုးရှိရာမှာ စဉ်စားကြံရွယ်နေသူ၊ ဖြတ်ဖို့အသင့်ပြင်ဆင်နေသူ၊ တကယ်စဖြတ်နေသူနဲ့ ဖြတ်ပြီးပြန်မသောက်မိအောင် ကြိုးစားထိန်းနေရသူတွေအထိ ပါဝင်ပါတယ်။ ပထမအမျိုးအစားဖြစ်တဲ့ စတင်စဉ်းစားကြံရွယ်နေသူတွေအတွက်တော့ ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ဆေးလိပ်အန္တရာယ်တွေကို တကယ်သိမြင်လာအောင် တိုင်ပင်ဆွေးနွေး ပညာပေးတဲ့ အကူအညီရယူသင့်ပါတယ်။ အကြောင်းက ဆေးလိပ်အန္တရာယ် ယျေဘူယျသိထားပေမဲ့ တခြားသူတွေမှာသာဖြစ်ပြီး မိမိကိုယ်တိုင်တော့ မဖြစ်နိုင်ဘူးလို့ လျှော့ပေါ့ယူဆတတ်လေ့ ရှိတာကြောင့်ပါ။ တကယ်တော့ မိမိမှာပါ ဖြစ်နိုင်တဲ့ ဆေးလိပ်ရဲ့ အန္တရာယ်ကို သိလာလျှင်တော့၊ ဖြတ်ဖို့စိတ်ပါလာပြီး တချိန်ချိန်မှာ ဖြတ်မှာ သေချာသွားစေနိုင်ပါတယ်။
ဒုတိယအမျိုးအစားဖြစ်တဲ့ ဖြတ်ဖို့ အသင့်ဖြစ်နေပြီး (Ready to Quit)၊ ပြင်ဆင်နေသူတွေအတွက်လည်း အဆင့် ၄ ဆင့်ကို သိထားသင့်ပါတယ်။ ဒီ ၄ ဆင့်ထဲ ပထမကတော့ ဖြတ်မဲ့နေ့ကို သတ်မှတ် (Set လုပ်) ပြီး၊ ပြက္ခဒိန်မှာဖြစ်ဖြစ် ချရေးလိုက်တာမျိုးပါ။ ပြီးလျှင် နောက် ဒုတိယအဆင့်အဖြစ် မိမိပတ်ဝန်းကျင်က မိသားစုဝင်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို အဲ့ဒီနေ့ ဆေးလိပ်ဖြတ်မယ်လို့ ထုတ်ပြောကြေညာ (Tell) လိုက်သင့်ပါတယ်။ ဒါ့အပြင် တတိယအဆင့်အနေနဲ့ ဖြတ်တဲ့အချိန်မှာ ကြုံလာရနိုင်တဲ့အခက်အခဲတွေကို ကြိုမှန်းဆ (Anticipate လုပ်) ပြီး ဘယ်လိုကျော်လွှားမှာကို အသင့်ပြင်ထားတာပါ။ ဥပမာ ဆေးလိပ်ပြန်သောက်ချင်စိတ် ပေါ်လာလျှင် ဘယ်လိုကျော်လွှားမှာကို စဉ်းစားထားပြီး စိတ်ဓာတ်ခိုင်မာနေအောင် လုပ်ထားတာပါ။ နောက်ဆုံး စတုတ္ထအဆင့်ကတော့ ဆေးလိပ်သောက်တာ (ကွမ်းဖြတ်လျှင်လည်း ကွမ်းစားတာ) နဲ့ ပတ်သက်တာအားလုံး ဖယ်ရှားထားတာ (Remove) ပါ။ ဒီ ကြိုဖယ်ရှားထားရမှာထဲ ဆေးလိပ်၊ ဆေးလိပ်ဗူး၊ ပြာခွက်နဲ့ မီးခြစ်တို့လည်း ပါဝင်ပါတယ်။
အခုလို ပြင်ဆင်ထားပြီး တတိယအမျိုးအစားဖြစ်တဲ့ တကယ်ဆေးလိပ် စဖြတ်သူတွေအတွက်လည်း အင်တာနက် Application တွေက ဆက်ပြီးကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ပြီး တကယ်စဖြတ်နေ့ကစကာ၊ ဆေးလိပ်ပြန်မသောက်ဖြစ်အောင် သတိပေးစကားတွေ ဆက်တိုက် အကြိမ်ကြိမ် ပို့ပေးလာတာမျိုးပါ။ ဒါ့အပြင် စင်္ကာပူအစိုးရက လုပ်ပေးထားတဲ့ အင်တာနက် ဝန်ဆောင်မှု Application မှာဆိုလျှင် နောက်ဆုံး မတတ်နိုင်တော့လို့ ဆေးလိပ်ပြန်သောက်ချင်စိတ် ချဉ်ခြင်းအကြီးအကျယ် တက်လာခဲ့လျှင်တောင်၊ အဲ့ဒီအချိန် ရောက်နေတဲ့နေရာနဲ့ အနီးဆုံးမှာ အထောက်အကူပြုနိုင်တဲ့ ဆေး (Nicotine အရေပြားကပ်ခွာ၊ ပီကေ စတာ) အခမဲ့ ရနိုင်တဲ့နေရာကိုပါ ညွှန်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ပြန်သောက်စရာမလိုဘဲ ဆေး အကူအညီနဲ့ ပြန်သက်သာလာနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။